ဟိမဝန္တာ ဒေသက အိန္ဒိယတပ်တွေ ဆုတ်ပေးဖို့ တရုတ် ရာဇသံပေး

  • 16 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် CHINA NEWS SERVICE
Image caption တရုတ် ရေတပ်ဖွဲ့၀င် အမျိုးသမီးတွေ

အငြင်းပွားနေတဲ့ ဟိမဝန္တာ ဒေသကနေ အိန္ဒိယ တပ်ဖွဲ့တွေကိုချက်ချင်းဆုတ်ပေးဖို့ မဆုတ်ရင် အိန္ဒိယအနေနဲ့ အရှက်တကွဲ အကျိုးနည်း ဖြစ်ရလိမ့်မယ်ဆိုပြီး တရုတ်အစိုးရမီဒီယာကနေ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အာရှ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကို ပိုင်းခြားထားတဲ့ အဲဒီတောင်တန်းဒေသမှာ နယ်နမိတ်အငြင်းပွားမှု အရှိန်တက်လာပြီး အခြေအနေ တင်းမာလာတဲ့ အတွက်ဖြစ်ပါတယ်။

အငြင်းပွားရာဒေသဟာ အိန္ဒိယ အရှေ့မြောက်ပိုင်း ဆိကင်မ် ဒေသ တရုတ်ပိုင် တိဘက်ပြည်နယ်နဲ့ ဘူတန်တို့ သုံးနိုင်ငံ ထိစပ်နေတဲ့ နေရာဖြစ်ပါတယ်။

ဒါ့အပြင် ပါကစ္စတန် မြန်မာတို့နဲ့လည်း ကပ်လျက်ရှိတဲ့ အဲဒီနေရာမှာ အိန္ဒိယနဲ့ တရုတ်စစ်တပ်တွေ တဘက် ၃၀၀၀ စီလောက် တပ်စွဲနေရာယူထားကြပါတယ်။

တဖက်နဲ့ တဖက်လည်း မျက်လုံးဒေါက်ထောက်ကြည့်နေကြပြီး ဒီနေရာဟာ အခုမှ အငြင်းပွားတာမဟုတ်ပါဘဲ ဒီနယ်နမိတ် အငြင်းပွားမှုကြောင့် ၁၉၅၉ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ တရုတ်နဲ့ အိန္ဒိယ စစ်ပွဲဖြစ်ပွားခဲ့ဖူးပါတယ်။

ဟိမဝန္တာတောင်ပေါ်မှာ တရုတ်အစိုးရက လမ်းဖောက်လုပ်မယ့် စီမံကိန်း တခု စတင်ခဲ့ရာကနေ အခုတခါ ပြဿနာ တကျော့ပြန် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

စပြီးကန့်ကွက်တာက ဘူတန်နိုင်ငံဖြစ်ပြီး တရုတ်အစိုးရဟာ ဘူတန်နိုင်ငံတွင်းကို ဝင်ပြီးလမ်းဖောက်နေတယ်လို့ ပြောဆိုကန့်ကွက်လိုက်တာဖြစ်ပါတယ်။

အခုတခါ ဘူတန်အစိုးရက အကူအညီတောင်းလို့ဆိုပြီး အိန္ဒိယက ဒီအငြင်းပွားရာနေရာမှာ တပ်တွေ လာရောက်ချထားတာဖြစ်ပါတယ်။

တရုတ်ကတော့ ဘူတန်က အကူအညီတောင်းလို့ အိန္ဒိယတပ်တွေ ချထားတယ်ဆိုတာ အိန္ဒိယက ကမ္ဘာကို ညာနေတာလို့ ဆိုပါတယ်။

ဘူတန်ဟာ အိန္ဒိယရဲ့ အစဉ်အလာမဟာမိတ်ဖြစ်ပါတယ်။

တရုတ်အစိုးရ မီဒီယာ သဖွယ်ဖြစ်တဲ့ ရှင်ဟွာ မီဒီယာ ရုပ်မြင်သံကြား သတင်းဝေဖန်ချက် အစီအစဉ်ကနေ ပြောဆိုခဲ့ရာမှာ အိန္ဒိယအစိုးရ အနေနဲ့ စစ်တပ်တွေ ပြန်မရုပ်သိမ်းဘဲနဲ့ ညှိနှိုင်းဆွေးနွေးမှုကို မမျှော်လင့်နဲ့လို့ ဆိုပါတယ်။

ဒါဟာစစ်တပ်တွေ ချက်ချင်း ရုပ်သိမ်းဖို့ တင်းမာတဲ့ ရာဇသံတခုပမာ ဆိုနိုင်သလို၊ စစ်တပ်တွေ ရုပ်သိမ်းပြီးရင်းတော့ ညှိနှိုင်းဆွေးနွေးလို့ ရနိုင်တယ်ဆိုတဲ့ ကမ်းလှမ်းချက်တခုလို့လည်း တချို့က ယူဆကြပါတယ်။

တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့ ၂၀၁၃ ၂၀၁၄ ခုနှစ်တွေမှာ ကက်ရှ်မီးယား တောင်ပိုင်း ပြဿနာ အငြင်းပွားမှုတွေနဲ့ ပုံစံတူလို့လည်း အိန္ဒိယအနေနဲ့ တွေးမထားနဲ့လို့လည်း တဖက်ကနေ ခပ်တင်းတင်း သတိပေးပြန်ပါတယ်။

၂၀၁၃ ၂၀၁၄ ကက်ရှ်မီးယားပြဿနာဟာ သံတမန်နည်းနဲ့ ဖြေရှင်း ပြေလည်ခဲ့တာဖြစ်ပါတယ်။

တရုတ်အနေနဲ့ အိန္ဒိယရဲ့ ရန်သူတော်ဖြစ်ပြီး တရုတ်ရဲ့ မဟာမိတ်ဖြစ်တဲ့ ပါကစ္စတန်ကို ဒီပြဿနာမှာ နာမည်ထုတ်ဖော်ပြောဆိုတာဟာလည်း ထူးခြားပါတယ်။

အစဉ်အလာအားဖြင့် တရုတ်ဟာ အဲသလို ပြောဆိုခဲပါတယ်။

အိန္ဒိယတပ်ဖွဲ့တွေ အခု ဟိမဝန္တာ ဒေသမှာ နေရာချထားပြီး တရုတ်ဘက်ကလည်း တပ်တွေ အပြန်အလှန်ချထားလို့ ရင်ဆိုင်မိတဲ့ အနေအထားကို ရောက်လာတာဟာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ အမေရိကန် ပြည်ထောင်စုကို မသွားခင် ရက်ပိုင်းမှာ ဖြစ်ပါတယ်။

ဒါဟာလည်း လေ့လာသုံးသပ်သူတွေ အနေနဲ့ တိုက်ဆိုင်မှုလို့ ယုံကြည်လက်ခံဖို့ ခက်ခဲနိုင်ပါတယ်။

အိန္ဒိယအနေနဲ့ တပ်ဖွဲ့တွေ ပြန်ဆုတ်ပေးဖို့ တရုတ်က တောင်းဆိုတာကို အကြိမ်ကြိမ် လျစ်လျူရှုခဲ့တယ်။

ဒါပေမယ့် နားမကြားသလို လစ်လျူရှုတဲ့နည်းဟာ ပြဿနာကို ပိုမိုဆိုးဝါးလာစေလိမ့်မယ်လို့ တရုတ်မီဒီယာက ဆိုပါတယ်။

တရုတ်အနေနဲ့ နယ်စပ်ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့သာ အဖြေရှာချင်တယ်။ ဒါပေမယ့် စည်းကမ်းချက်တခုတော့ရှိတယ်။

အဲဒါကတော့ အိန္ဒိယဘက်က ကျူးကျော်ဝင်ရောက်လာသူတွေဟာ အရင်ပြန်ဆုတ်ပေးရမယ်ဆိုတဲ့ စည်းကမ်းချက်ဖြစ်တယ်လို့လည်း တရုတ်ဘက်က ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ