မွန်အမျိုးသားပါတီ CEC ၆ ယောက် ရပ်စဲ

  • 19 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Mon National Party
Image caption မွန်အမျိုးသားနေ့ ကျင်းပခဲ့စဉ်

မွန်ပြည်နယ် ရေးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကနေ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရတဲ့ မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာ မင်းစိုးလင်းအပါအဝင် ပါတီ ဗဟိုကော်မတီဝင် ၆ ယောက်ကို ပါတီဝင် အဖြစ်ကနေ ရပ်စဲလိုက်ပြီလို့ မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

အခုလို ပါတီဗဟိုကော်မတီတွေ ထုတ်ပယ်ခံရတာဟာ အဓိကပြဿနာက မွန်ပါတီတွေ တခုတည်းသောပါတီ အဖြစ် ပေါင်းစည်းရေးဆောင်ရွက်မှု အပေါ် သဘောထားကွဲလွဲကြလို့ဖြစ်တယ်လို့ မွန်လူငယ်တယောက် က ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မွန်ပါတီတွေ တပေါင်းတစည်းတည်းဖြစ်ဖို့အတွက် မွန်သံဃာတော်တွေက ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီကလည်း မွန်ပါတီတွေ ပေါင်းစည်းရေးကို စေ့စပ်ညှိနှိုင်းပေးခဲ့ပြီး အဓိက စေ့စပ်ညှိနှိုင်းရတာကတော့ မွန်ဒေသလုံးဆိုင်ရာပါတီနဲ့ မွန်အမျိုးသားပါတီတို့ ဖြစ်ကြပေမယ့် ပေါင်းစည်းလို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မွန်ပါတီနှစ်ခုပေါင်း မဲ စုစုပေါင်းဟာ ကြံ့ခိုင်ရေးပါတီကိုရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပါ အနိုင်ရနိုင်လောက်တဲ့ မဲအရေအတွက် ရှိပေမယ့် မွန်နှစ်ပါတီ မဲပြန့်သွားလို့ ကြံ့ခိုင်ရေးက အနိုင်ရသွားတာကြောင့် မွန်နှစ်ပါတီပေါင်းစည်းဖို့ မွန်လူထုက တိုက်တွန်း ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မွန်ပါတီတွေထဲမှာ မွန်အမျိုးသားပါတီထဲမှာ ပါတီမူဝါဒကို ခိုင်ခိုင်မာမာဆုပ်ကိုင်ရပ်တည်ချင်တဲ့ ခေါင်းဆောင်တချို့နဲ့ မွန်အမျိုးသားမှန်သမျှ ကြံ့ခိုင်ရေး၊ ဒီချုပ်မခွဲခြားဘဲ ညီညွတ်ချင်တဲ့ ခေါင်းဆောင်တချို့ အကြား စေ့စပ်ညှိနှိုင်းလို့မရအောင်ဖြစ်ခဲ့ရာကနေ ဒေါက်တာမင်းစိုးလင်းတို့ ခေါင်းဆောင်တဲ့ ဗဟိုကော်မတီဝင် တချို့ဟာ သီးခြားခွဲပြီး စည်းရုံးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မွန်ပြည်နယ်မှာ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနဲ့ အမျိုးသမီးပါတီ (မွန်)ဆိုပြီး မွန် ၃ ပါတီရှိပါတယ်။

မွန်အမျိုးသားပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မဟာမိတ်ပါတီဖြစ်ပြီး ကြံ့ခိုင်ရေးနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အပေါ် မူထား ရပ်တည်ပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ မွန်အမျိုးသားစည်းလုံးညီညွတ်ရေးကို လိုလားသူမှန်ရင် ကြံ့ခိုင်ရေးထောက်ခံသူရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထောက်ခံသူပါ လက်ခံ ပါဝင်ပါတယ်။

အမျိုးသမီးပါတီ မွန် ကတော့ သူတို့နှစ်ပါတီ ညီညွတ်ရင် ပူးပေါင်းနိုင်တဲ့ သဘောထားရှိတယ်လို့ မွန်လူငယ် နိုင်ငံရေးသမားတယောက်က ဘီဘီစီကို ပြောပါတယ်။

အဲသလို ကွဲပြားနေတာကို တလုံးတစည်းတည်း ပူးပေါင်းဖို့ ကြိုးစားရင်းကနေ အခုအခါမှာတော့ နောက်ထပ် တပါတီထပ်တိုးလာမယ့် လက္ခဏာမျိုးဖြစ်နေတယ်လို့ မွန်လူငယ်အသိုင်းအဝိုင်းက ပြောဆိုနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ