ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေကို မြုပ်နှံခွင့်ပြုမယ်

  • 21 ဇူလိုင် 2017
Image caption ပြည်ပရင်းနှီးမြုပ်နှံမှု တိုးဖို့ စလုပ်ပြီ

ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ဝင်ရောက် လာစေဖို့ အတွက် ပြည်နယ်တိုင်း အသီးသီးမှာ ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေကိုဖွဲ့ စည်းလိုက်ပါတယ်။

အရင်တုန်းကတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အားလုံးကို ပြည်ထောင်စု အဆင့်ကပဲဆုံးဖြတ်တာ ဖြစ်ပါတယ်။

အခုဖွဲ့ပေးလိုက်တဲ့ကော်မတီ ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဖွဲ့စည်းပေးလိုက်တာဖြစ်ပါတယ်။

အခု ဖွဲ့စည်းလိုက်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှု ကော်မတီအတွေ အနေနဲ့ အမေရိကန်ဒေါ်လာ ၅သန်းအောက် နဲ့ မြန်မာငွေကို ၂ ထရီလီယံအောက် လုပ်ငန်းတွေကို ပြည်ထောင်စု အစိုးရကို တင်ပြစရာမလိုဘဲ ခွင့်ပြုပေးနိုင်တယ် လို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင် ဦးဌေးဝင်းကပြောပါတယ်။

အခုလို လုပ်ပိုင်ခွင့်ပေး လိုက်တာဟာလဲ NLD အစိုးရသစ်လက်ထက်မှာ ပြဌာန်းလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ သစ်အရ ဖြစ်ပြီး ပြည်တွင်းပြည်ပ လုပ်ငန်းရှင် နှစ်ခုစလုံးကို ခွင့်ပြုပေးနိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကကတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအားလုံးကို ပြည်ထောင်စုအဆင့် ကိုတင်ပြရ ပြီး ပြည်ထောင်စု အဆင့်က ခွင့်ပြုမှသာ လုပ်ငန်း လုပ်ခွင့်ရတာဖြစ်ပါတယ်။

အဲဒီအတွက်လည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး တချို့ ကလုပ်ချင်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ ကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ ဧရာဝတီ တိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးဌေးဝင်းကပြောပါတယ်။

အခုလို တိုင်းဒေသကြီးအစိုးရကို လုပ်ပိုင်ခွင့်ပြုပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဆုံးဖြတ်ချက် ချနိုင်တဲ့ စွမ်းဆောင်ရည်မရှိဘူး ဆိုရင် လုပ်ငန်းတွေ ပိုကြာလာတာမျိုးလဲ ဖြစ်သွားနိုင်တယ်လို့ စီးပွါးရေး လုပ် ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးချစ်ထွန်းဖေက ပြောပါတယ်။

NLD အစိုးရ တာဝန်ယူလာခဲ့တာ တစ်နှစ်ကြော်ကြာပြီဖြစ်ပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကတော့ တိုးမလာပဲ ကျသွားတဲ့အခြေအနေ ဖြစ်နေပါတယ်။

အခုလို ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ တိုးတက်လာဖို့ အတွက် ပြည်နယ်တိုင်းဒေသကြီး အစိုးရတွေကို လုပ်ပိုင်ခွင့်ပေးလိုက်ပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တင်ပြလာတဲ့ လုပ်ငန်းတွေထဲက ဒေသအတွက် အကျိုးရှိမဲ့လုပ်ငန်းတွေကို ရွေးချယ်ပြီး မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချပေးနိုင်ဖို့ အတွက် လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ