သာစည်လက်နက်မှု ကွင်းဆက် နယ်ခြားစောင့် အသွင်ပြောင်း ကလလတ အဖွဲ့ဝင်ရဲ့ နေအိမ်ကိုရှာဖွေ

  • 22 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption သာစည်မြို့နယ်မှာ ဖမ်းမိခဲ့တဲ့ လက်နက်တွေ

သာစည်မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ သေနတ် ၂၂ လက် ဖမ်းဆီးရမိမှု ကွင်းဆက်အဖြစ် လွိုင်ကော်မြို့က နေရာ ၂ နေရာကို ရဲတပ်ဖွဲ့ဝင်တွေက ဇူလိုင်လ ၂၁ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာအုပ်စု စိုက်ကွင်း ၃ ရွာမှာနေတဲ့ ဦးဒါးရယ်အိမ်ကို ဝင်ရောက်ရှာဖွေရာမှာ သံသေတ္တာအတွင်းကနေ နင်းမိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ ကျည်အိမ်တွေတွေ့ရပြီး မြန်မာငွေ ၈၉ သိန်းကျော်နဲ့ ဘိန်းဆီလို့ယူဆရတဲ့ အစေးခဲ ၃ ဂရမ်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဦးဒါးရယ်ကို မမိခဲ့ပေမဲ့ သူ့ဇနီး ဒေါ်ဦးစာကို ဖမ်းဆီးပြီး မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့က တာဝန်ရှိသူတဦးကတော့ သူတို့ဝင်ရှာတဲ့ နေအိမ်ဟာ ကလလတ အဖွဲ့တာဝန်ရှိသူ တဦးရဲ နေအိမ်ဖြစ်ပြီး စစ်လက်နက် ပစ္စည်းတွေကတော့ သူက လက်နက်ကိုင် အဖွဲ့အစည်းကဖြစ်တဲ့အတွက် သာစည်မှာ ဖမ်းမိတဲ့ လက်နက်တွေနဲ့ ဆက်စပ်သလား မဆက်စပ်သလားဆိုတာတော့ ဖမ်းဆီးရမိမှပဲ သိနိုင်မယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဦးဒါးရယ်ဟာ ကလလတ လို့ခေါ်တဲ့ (ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွှတ်မြောက်ရေးတပ်ဦး)ရဲ့ တပ်ခွဲအဆင့်ရှိတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ ကလလတ အဖွဲ့ရဲ့ အတွင်းရေးမှူးဟောင်းဖြစ်သူ ဦးဟတ်စတန်ကတော့ ဦးဒါးရယ်ဟာ ရှားတောမြို့နယ်ဆိုင်ရာ ကလလတရဲ့ ဥက္ကဌဖြစ်တယ်လို့ ဆိုပြီး သူကိုယ်တိုင်ကတော့ အဖွဲ့ကနေ အနားယူထားတာ နှစ်နှစ်ကျော်ရှိပြီလို့ ဘီဘီစီကို ပြောပါတယ်။ ကလလတ တာဝန်ရှိသူတွေကို ဘီဘီစီက တိုက်ရိုက်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။

ကလလတ လို့ခေါ်တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦးဟာ စစ်အစိုးရလက်ထက်က အပစ်ရပ်စဲရေး ပြုလုပ်ထားတဲ့ အဖွဲ့ဖြစ်ပြီး တပ်ဖွဲ့ တချို့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားတဲ့ လက်နက်ကိုင်အဖွဲ့လည်းဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးဒါးရယ်နဲ့ လက်နက်အရောင်းအဝယ်ကိစ္စ ဘယ်လိုဆက်စပ်တယ်ဆိုတာတော့ ဘယ်သူမှတပ်အပ် မပြောနိုင်သေးပဲ သာစည်မှာ ဇူလိုင်လ ၁၉ ရက်နေ့ ညက ဖမ်းမိထားတဲ့နေစိုးထွေးမင်းရဲ့ ဖေါ်ထုတ်ချက်အရသာ သိရပါသေးတယ်။ လွိုင်ကော်က နေစိုးထွေးမင်းအိမ်ကို ဝင်ရှာတဲ့အခါမှာလည်း SOD တံဆိပ်ပါ ဒီတိုနေတာ တစ်ထုပ်မှာ (၅၀၀)ပါ (၂၆) ထုပ်၊ ယမ်းစိမ်း (၉၀)သားပါ အထုပ်(၆၀)နဲ့ ငွေသား ကျပ်သိန်း (၁၄၀) ကို ထပ်မံသိမ်းဆည်းရမိထားကြောင်းလည်း လွိုင်ကော်မြို့မရဲစခန်းကနေ သိရပါတယ်။ အခုဆိုရင် ဒီအမှုနဲ့ဆက်စပ်ပြီး တရားခံလို့ယူဆရသူ ၃ဦးနဲ့ ဆက်စပ်သူ ၁ဦး စုစုပေါင်း ၄ဦး ဖမ်းဆီးထားပါတယ်။

ဘီဘီစီ

ဓာတ်ပုံ- MOI