မွန်ပါတီသစ် လာတော့မယ်

  • 23 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် MON NATIONAL PARTY
Image caption မွန်အမျိုးသားနေ့ကို ညီညီညွတ်ညွတ် ကျင်းပနိုင်ကြပေမယ့် မွန်တပါတီတည်း မပေါင်းစည်းနိုင်

မွန်အမျိုးသားပါတီနှစ်ရပ်ပေါင်းစည်းရေးကို ကြိုးပမ်းရာမှာ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် အခုအခါ နောက်ထပ် မွန်အမျိုးသားပါတီသစ်တရပ် ထပ်မံပေါ်ထွက်လာတော့မှာဖြစ်ပါတယ်။

မွန်ပါတီသစ်ကို နိုင်တလညီက ဦးဆောင်တည်ထောင်မှာဖြစ်ပြီး မကြာခင်က မွန်အမျိုးသားပါတီကနေ အထုတ်ပယ်ခံရတဲ့ ဗဟိုကော်မတီဝင် ၆ ဦးလည်း အခုပါတီသစ်မှာ ပါဝင်လာဖွယ်ရှိတယ်လို့ မွန်လူငယ်တွေက ခန့်မှန်းနေကြပါတယ်။

လက်နက်ကိုင် မွန်ပြည်သစ်ပါတီအပြင် မွန်ပြည်နယ်မှာ ရွေးကောက်ပွဲဝင်တဲ့ တရားဝင်ပါတီ ၃ ပါတီအရင်ကရှိခဲ့ရာမှာ အခုအခါ တရားဝင်ပါတီ လေးပါတီဖြစ်လာတော့မှာ ဖြစ်ပါတယ်။

နောက်ဆုံးပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်း ချောင်းဆုံမဲဆန္ဒနယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်က အနိုင်ရသွားခဲ့ပါတယ်။

မွန်အမျိုးသားပါတီနှစ်ပါတီအမတ်တွေရဲ့ မဲတွေကို စုပေါင်းရင် ကြံ့ခိုင်ရေးပါတီ အမတ်ကိုရော၊ ဒီချုပ်အမတ်ကိုပါ အနိုင်ရနိုင်ပေမယ့် မွန်နှစ်ပါတီမဲပြန့်သွားတဲ့အတွက် မွန်ပါတီကိုယ်စားလှယ်တွေမဲရှုံးရတယ်ဆိုပြီး ဒေသခံမွန်လူမျိုးတွေက မွန်ပါတီတွေ တပေါင်းတစည်းတည်း မဖြစ်မှုကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ မွန်ပါတီနှစ်ရပ်ကို ပေါင်းစည်းဖို့ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

မွန်အမျိုးသားပါတီက ဒီချုပ်ပါတီနဲ့ မဟာမိတ်ဖြစ်သလို ကျောင်းသားလှုပ်ရှားမှုတွေကိုလည်း အားပေးလေ့ရှိပါတယ်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှာတော့ ကြံ့ခိုင်ရေးပါတီကိုထောက်ခံသူတွေလည်း ပါသလို ဒီချုပ်ပါတီကိုထောက်ခံသူတွေလည်း ရောနှောပါဝင်ပါတယ်။

အဲသလိုပါတီမူဝါဒမတူညီတာဟာ ပူးပေါင်းရေးအတွက် အခက်အခဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် မူဝါဒကြောင့်မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးတွေကြောင့်သာ မပူးပေါင်းနိုင်တာလို့လည်း မွန်နိုင်ငံရေးသမားတွေက ဝေဖန်လေ့ရှိကြပါတယ်။