ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချူပ် ဒေါ်စုကို လာတွေ့

  • 24 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က အတိုင်ပင်ခံကို လာတွေ့

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချူပ် (KBC) တို့ဟာ နေပြည်တော်မှာရှိတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အတားအဆီးဖြစ်နေတာတွေ၊ ပြည်တွင်းစစ်ထဲက ထွက်ပြေး ပုန်းရှောင်နေရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး တင်ပြ ဆွေးနွေးခွင့် ရတာ ဖြစ်ပါတယ်။

စစ်ပွဲတွေ ကြာမြင့် လာလာတာနဲ့ အမျှ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က စစ်ပြေးဒုက္ခသည်တွေ အတွက် အစိုးရနဲ့ တပ်မတော် အပေါ် ယုံကြည်မှု ပျက်ပြားစေတယ်လို့ အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့သူ KBC အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဆမ်ဆွန်ခလမ် ကပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တစုံတခု ဆောင်ရွက် ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း နဲ့ နှစ်ရှည်လများ ဒုက္ခသည်စခန်းတွေမှာ နေထိုင်လာရတဲ့အတွက် လူမှုဒုက္ခတွေ ကြုံတွေ့ရနိုင်သလို ကြောက်စိတ်နဲ့ အမုန်းစိတ်တွေ တိုးပွားလာမှာလဲ သူတို့ အနေနဲ့ စိုးရိမ်မိတယ်လို့ ဒေါက်တာဆမ်ဆွန်ခလမ်က ဆိုပါတယ်။

တွေ့ဆုံပွဲမှာ အတိုင်ပင်ခံ အနေနဲ့ စိတ်ဝင်တစားရှိပြီး ချက်ချင်း လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်နဲ့ ရေရှည်ဆောင်ရွက်ရမဲ့ကိစ္စရပ်တွေကို အတိုင်ပင်ခံနဲ့ ပြောဆိုခဲ့တယ်လို့ KBC အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဆမ်ဆွန်ခလမ် က ပြောပါတယ်။

ကချင် လက်နက်ကိုင် အဖွဲ့အစည်း ကေအိုင်အေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နေသော်လည်း ကချင်ပြည်နဲ့ ရှမ်းပြည်မှာ တိုက်ပွဲရပ်မသွားပဲ ဒေသခံလူထူတွေက ထောင်နဲ့ချီ အိုးအိမ်စွန့်ပုန်းရှောင်နေရတာ ဖြစ်ပါတယ်။

ပြည်တွင်းစစ် နှစ်ရှည်နေတာနဲ့ အမျှ ဒုက္ခသည်တွေကလည်း တိုးပွားလာခဲ့ပြီး တိုက်ပွဲတွေကြားက လူမှုရေးလုပ်ငန်းအဖွဲ့တွေက ဒီဒုက္ခသည်တွေအပေါ် ကူညီနေကြပေမဲ့ ငြိမ်းချမ်းရေး မရမချင်း စစ်ဘေးရှောင်တွေရဲ့ ဘဝ အနေအထားက ဘယ်လိုမှ တည်ငြိမ်လာမှာ မဟုတ်ပါဘူးလို့ ဒေခံတွေက ပြောပါတယ်။

ဒါတွေကို အစိုးရဘက်နဲ့ တာဝန်ရှိသူတွေက ဒီထက်ပိုမို ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ လိုအပ်တဲ့အကြောင်း အစည်းအဝေး တက်ခဲ့တဲ့ ခရစ်ယာန် ခေါင်းဆောင်တွေက ထောက်ပြ အကြံပြုခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ KBC အထွေထွေအတွင်းရေးမှူး အပါအဝင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည် နယ်အသီးသီးက သက်ဆိုင်ရာ စုစုပေါင်း ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် ဆယ့်နှစ်ယောက် တက်ရောက်ခဲ့ပြီး အစိုးရဘက်ကတော့ အတိုင်ပင်ခံအပါအဝင် ခြောက်ယောက် တက်ရောက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ