အငြင်းပွားဖွယ် ဥပဒေတွေကို ပိုလန်သမ္မတ ပယ်ချ

  • 24 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ပိုလန်မှ ဆန္ဒပြပွဲ ကျင်းပခဲ့စဉ်

ပိုလန်မှာ ဥပဒေ ၂ ခုကို ပါလီမန်က သဘောတူထားပြီး ဖြစ်ပေမယ့် တရားရေး မဏ္ဍိုင် အခန်းကဏ္ဍ နဲ့ ပတ်သက်လို့ အငြင်းပွားစရာတွေ ဖြစ်နေတဲ့အတွက် သမ္မတ က ဗီတို အာဏာသုံးကာ ပယ်ချလိုက်ပါတယ်။

ပိုလန်မှာ တရား စီရင်ရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ကြရမယ် ဆိုတာကို ယေဘုယျ အများက ထောက်ခံကြပေမယ့် အခု လွှတ်တော် ကအတည်ပြုလိုက်ပြီး သမ္မတ ဆီက အတည်ပြုချက် ယူဖို့ တင်လိုက်တဲ့ ဥပဒေ ၃ ခုအနက် ၂ ခုကို သမ္မတ က ပယ်ချလိုက်တာ ဖြစ်ပါတယ်။

တရားစီရင်ရေး ကဏ္ဍနဲ့ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အဓိက ကျတဲ့ ဥပဒေ ၃ ခု ကို လွှတ်တော် ကအတည်ပြုလိုက်ကတည်း က နိုင်ငံအတွင်း ဆန္ဒပြပွဲတွေ ပိုလန်နိုင်ငံတဝန်း ကမြို့တွေ မှာ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ပြည်တွင်းမှာ သာမက အီးယူ ဥရောပ သမဂ္ဂကလည်း ဒီဥပဒေတွေ အတည်ပြုလိုက်ရင် ပိတ်ဆို့ အရေးယူဆောင်ရွက်မှုတွေ ရှိလာမယ် လို့ သတိပေးထားသလို အမေရိကန် နိုင်ငံ ကလည်း သတိပေးနေပါတယ်။

လက်ရှိ အာဏာရပါတီ ပိုလန်ရဲ့ လက်ယာ ပါတီ The Law and Justice ပါတီ ရဲ့ ပါလီမန်က တရားရေး ကဏ္ဍကို အစိုးရ က လွှမ်းမိုးနိုင်အောင် ဒီဥပဒေ တွေကို လုပ်တာ လို့ စွပ်စွဲနေကြတာ ဖြစ်ပါတယ်။

ပထမဥပဒေ က အမြင့်ဆုံး တရားရုံးဆိုင်ရာ တရားသူကြီးချုပ်တွေ ရာထူး ကနေ ဆင်းပေးဖို့ လုပ်ထားပြီးတော့ အစိုးရရဲ့ တရားရေး ဝန်ကြီး က ဘယ်တရားသူကြီးချုပ် က ရာထူးမှာ ဆက်နေ လို့ ဆုံးဖြတ်ခွင့်ပေးထားပါတယ်။

နောက် ဒုတိယ ပြုပြင်ပြောင်းလဲရေး ဥပဒေ ကတော့ အဲဒီ တရားသူကြီးချုပ် တွေကို ရွေးချယ်ခန့်အပ်တဲ့ အမျိုးသား တရားရေး ကောင်စီ အဖွဲ့ဝင်တွေကို နိုင်ငံရေး သမားတွေ က အမည်စာရင်း တင်ပြပေးခြင်းအားဖြင့် အဲဒီ ကောင်စီ ကိုလွှမ်းမိုးချုပ်ကိုင်မှာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေ ၂ ခုလုံး ကို အခု ပိုလန် သမ္မတ က ပယ်ချလိုက်ပေမယ့် ဥပဒေ က ၃ ခုမို့ နောက် ကျန်တဲ့ ဥပဒေ ကို တော့ သမ္မတ ကအတည်ပြုပါတယ်။

အဲဒါ ကတော့ အစိုးရရဲ့တရားရေးဌာ န ဝန်ကြီး က အောက် တရားရုံးအဆင့်ဆင့်က တရားသူကြီးတွေ ကို ရွေးချယ်ခွင့် ရာထူးက ဖြုတ်ပိုင်ခွင့် အာဏာ ပေးထား တဲ့ ဥပဒေ ဖြစ်ပါတယ်။

အခုလို သမ္မတ က ဗီတိုအာဏာနဲ့ ဒီ ဥပဒေ ၂ ခု ကို ပယ်ချလိုက်တာ နဲ့ ပတ်သက်လို့ အရင် ပိုလန် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ် အခု အတိုက်အခံ ခေါင်းဆောင်တယောက်လည်းဖြစ်တနဲ့ ရာဒစ်ခ် စီကောစကီး က သမ္မတ ရဲ့ ဆုံးဖြတ်ချက် ကို ချီးကျူးလိုက်သလို အခု လိုလည်း ပိုလန် ပြည်သူတွေ ရဲ့ ဆန္ဒပြပွဲတွေ နဲ့အစိုးရ ကို စိမ်ခေါ်ချက်တွေ ကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။

အာဏာခွဲဝေမှုနဲ့ပတ်သက်လို့၊ တရားရေးမဏ္ဍိုင်ရဲ့ လွတ်လပ်ရေး နဲ့ပတ်သက်လို့ အငယ်ဆုံးမြို့တွေ အပါအဝင် ကုန်ကုန်ပြောရရင် ရွာလေးတွေ ကအစ တနိုင်ငံလုံး က လူတွေ ထွက်လာပြီး စုပေါင်းဆန္ဒပြခဲ့ကြတယ်။

ဒါဟာ ပိုလန်မှာ ရင့်ကျက်တဲ့ ရွေးချယ်တင်မြှောက်မှုတွေ ရှိတယ်ဆိုတာ သက်သေပြသလို အနာဂတ် အတွက်လည်း မျှော်လင့် စရာတွေ ကောင်းလာတယ် လို့ ဆိုပါတယ်။

ပိုလန်ရဲ့ ဒီနှစ် နွေရာသီ ကတော့ အခြေခံဥပဒေ ကို အလေးထားပါဆိုတဲ့ ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့သလို အဲဒီနောက်ပိုင်း မှာတော့ လွှတ်တော် ကအတည်ပြုထားတဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေ တွေအပေါ် အခုလို သမ္မတရဲ့ ကန့်ကွက်ချက် တွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။