RCSS နဲ့တိုက်ပွဲဖြစ်တဲ့ နေရာနားက ရှမ်းရွာသားတွေကို စစ်တပ်က ဖမ်းဆီး

  • 26 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Tai Freedom News
Image caption အရပ်သားများ ပါဝင်တဲ့ စစ်ကြောင်းတကြောင်းကို တွေ့ရစဉ်

တပ်မတော်နဲ့ အပစ်ရပ် အာစီအက်စ်အက်စ်/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဟိုပုံးမြို့နယ် နားပုံကျေးရွာအုပ်စု နမ့်ခုတ်ရွာကအမျိုးသမီး တဦးအပါဝင် ရွာသား ၁၀ ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က တပ်မတော် စစ်ကြောင်းရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

ခလရ ၂၄၉ နဲ့ ခလရ ၂၅၅ အပါဝင် တပ်မတော် စစ်ကြောင်းဟာ နားပုံကျေးရွာအုပ်စု နမ့်ခုတ်ရွာကို ရောက်လာပြီး ရွာသားတွေကို ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးခံရွာသားတွေအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ရွာသားတွေကို ဖမ်းဆီးပြီး နမ့်ခုတ်ကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ ထိန်းသိမ်းထားခဲ့သလို ရိုက်နှက်ကန်ကျောက်တာတွေလည်း ရှိခဲ့တယ်လို့ ဖမ်းဆီးခံရတဲ့ နမ့်ခုတ်ရွာသူကြီး

နမ့်ခုတ်ရွာသူကြီး စိုင်းပဏ္ဍရဲ့ အစ်ကိုဖြစ်သူ လွိုင်လင် နောင်ဟူးကျောင်းဆရာတော် ဦးပညာဘောဂ ဘီဘီစီကို ပြောပါတယ်။ ရွာသားတွေ ဖမ်းဆီးထားစဉ် ရှမ်းတပ် RCSS/SSA ရဲ ့ အဖွဲ့ဝင်တွေက ဘယ်သူတွေလဲ သူတို့လက်နက်တွေ ဘယ်နားမှာထားသလဲလို့ ရွာသားတွေကို တပ်မတော် စစ်ကြောင်းက မေးမြန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ နယ်မြေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က တပ်မတော်နဲ့ အပစ်ရပ် အာစီအက်စအက်စ် တပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့တဲ့ နယ်မြေနဲ့ မလှမ်းမကမ်းမှာ တည်ရှိတဲ့ ကျေးရွာတွေလည်းဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ရွာသားအချို့ကို ဇူလိုင်လ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့က လွတ်ပေးခဲ့ပြီး စုစုပေါင်း ရွာသား ၇ ဦး ပြန်လွတ်လာခဲ့ပြီး ဆရာတော် ဦးပညာဘောဂရဲ့ ညီဖြစ်သူ ပါဝင်လာပေမဲ့ ကျန်ရှိသူ အမျိုးသား ၃ ဦးကိုတော့ ဟိုပုံးရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့လည်း ဦးပညာဘောဂက ပြောပါတယ်။

ဟိုပုံးရဲစခန်းအပါဝင် ရှမ်းပြည်နယ်က အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းကိုင် ဖြေကြားမဲ့သူ မရှိခဲ့ပါဘူး။

RCSS/SSA အပါဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့နဲ့ အန်စီအေ အပစ်ရပ်ခဲ့ပြီးနောက် အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ အဲဒီအဖွဲ့တွေကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့လည်း တပ်မတော်နဲ့ အာစီအက်စ်အက်စ်အကြား တိုက်ခိုက်မှုတွေက မကြာခဏဆိုသလို ဖြစ်နေသလို အန်စီအေ စာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး အပြန်အလှန်စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

အန်စီအေ စာချုပ်အရ ဖွဲ့စည်းထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှု ကော်မတီ ဂျေအမ်စီမှာ အစိုးရ ၊ တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင် ဆိုပြီး ပါဝင်ပေမဲ့ ပြည်ထောင်စုအဆင့်မှာ အစိုးရကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေးပါတီဘက်က ဗိုလ်ချုပ်ဟောင်းတဦးက ပါဝင်နေတဲ့အတွက်လည်း ဘက်နှစ်ဘက်တည်းလိုဖြစ်နေပြီး ကော်မတီထဲမှာ မျှမျှတတ ဆုံးဖြတ်နိုင်တဲ့ ကြားဝင်ဆောင်ရွက်ပေးသူတွေ လိုအပ်နေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ တပ်မတော်ကတော့ သူ ဥက္ကဌအဖြစ် ဂျေအမ်စီကော်မတီ အဆင့်ဆင့်မှာ တာဝန်ယူထားပေမဲ့ ဒီကော်မတီကို အသုံးပြုပြီး တိုင်းရင်းသားတွေကို ဖိအားပေးမှာမဟုတ်ဘူးလို့ ဂျေအမ်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ပြောဆိုထားပါတယ်။

#ဘီဘီစီမြန်မာပိုင်း