စစ်ဘက်ရာထူး အခေါ်အဝေါ် ကန့်သတ် ထုတ်ပြန်

  • 26 ဇူလိုင် 2017
Image caption တပ်မတော်က အသုံးအနှုန်းကို တခြားအဖွဲ့တွေမှာ မသုံးဖို့ သတိပေး

စစ်ဘက် ဆိုင်ရာ ရာထူး၊ အဆင့်အခေါ်အဝေါ် သုံးစွဲတာနဲ့ ပတ်သက်လို့ တပ်မတော် က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မိုးမောက်မြို့မှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲ ခဲ့တဲ့ သတင်း ကို သတင်းမီဒီယာ တွေ ရေးသား ခဲ့တဲ့ အခါမှာ ပြည်သူ့စစ် အဖွဲ့ ဗိုလ်မှူး ဆိုတာ ကို သုံးစွဲ ကြတဲ့ အတွက် အဲဒီ အခေါ်အဝေါ် ဟာ တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်မှုထမ်းတွေသာ သုံးစွဲခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

အရင်တုန်းကတော့ တပ်မတော် အသုံးအနှုန်းနဲ့ ပတ်သက်လို့ ပြည်နယ်နဲ့ တိုင်း က သတင်းစာတိုက်တွေဆီကို စာပို့ခဲ့တာ ရှိခဲ့ဖူးပေမယ့် အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ထုတ်ပြန်တာမျိုး မရှိခဲ့ဘူးလို့ သတင်းမီဒီယာ ကောင်စီ အဖွဲ့၀င် ကိုမြင့်ကျော် က ပြောပါတယ်။

အရင်တုန်းက စာပေ စီစစ်ရေး ခေတ်တုန်းက သူတို့ သတ်မှတ်ထားတာနဲ့ ငြိစွန်းရင် ဒါကို ပြင်ခိုင်း ဖျက်ခိုင်းပြီး မပြင်ရင် ရေးခွင့် မရှိဘဲ ထိန်းချုပ်တာတွေ ရှိခဲပေမယ့် ၂၀၁၁ နဲ့ ၂၀၁၂ နောက်ပိုင်း စီစစ်ရေး ရုတ်သိမ်း လိုက်တဲ့အခါ ဒါမျိုးတွေကနေ ကင်းလွတ်သွားခဲ့တာ ဖြစ်ပါတယ်။

အခု နောက်ပိုင်း တပ်က ပြန်လည် ကန့်သတ် ချုပ်ချယ်မှုတွေ လုပ်လာတာဟာ သတင်း မီဒီယာတွေကို သွေးတိုး ပြန်စမ်းလာသလို ဖြစ်နေတယ်လို့ ကိုမြင့်ကျော်က ဆိုပါတယ် ။

တပ်မတော်ရဲ့ ခုနောက်ဆုံး ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ သတင်းမီဒီယာ ကောင်စီကို ဆက်သွယ်လာတာ မရှိသေးပေမယ့် အရင်တုန်းက တပ်မတော်နဲ့ သတင်းမီဒီယာ ကောင်စီ တွေ့ဆုံမှုတွေမှာ အသုံးအနှုန်းတွေနဲ့ ပတ်သက်လို့ အဓိပ္ပါယ် ကွဲတာ မမှန်ဘူးလို့ ထောက်ပြ ပြောဆိုတာတွေ ရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ် သုံးစွဲတာနဲ့ ပတ်သက်လို့ ကန့်သတ်ထားတဲ့ ဥပဒေအား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် (၂၆/၈၉) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအား ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၄၂)နဲ့ ပြင်ဆင်ပြဋ္ဌာန်း ထားခဲ့တယ်လို့ တပ်မတော် ထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။

တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်မှုထမ်းတွေ အတွက်သာ သုံးစွဲခွင့်ရှိတဲ့ စစ်ဘက်ရာထူး၊ အဆင့် အခေါ်အဝေါ်တွေကို တခြား မသက်ဆိုင်သည့် အဖွဲ့အစည်းတွေက လူပုဂ္ဂိုလ်တွေရဲ့ ကိစ္စရပ်တွေမှာ ခေါ်ဝေါ်သုံးစွဲတာ ဒါမှမဟုတ် ရေးသားဖော်ပြတာတွေ မလုပ်ဖို့နဲ့ တည်ဆဲ ဥပဒေနဲ့အညီ မှန်ကန်စွာသုံးစွဲဖို့ လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ သတိပေးထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ