ကာဘူးလ်က အီရတ်သံရုံး တိုက်ခံရ

  • 31 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အီရတ်သံရုံးကို ပထမဆုံး တိုက်ခိုက်ခံရတာဖြစ်

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်မှာရှိတဲ့ အီရတ်သံရုံးကိုအသေခံ ဗုံးခွဲတိုက်ခိုက်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ အစ္စလာမ်မစ်နိုင်ငံ အဖွဲ့ အိုင်အက်စ်ကတော့ သူတို့ လက်ချက်လို့ဆို ပါတယ်။ သေနတ်သမား တစ်ယောက်က သံရုံးအဝင်ဝမှာ ဗုံးခွဲလိုက်ပြီး ကျန်တဲ့ သုံးယောက်ကတော့ သံရုံးဝင်းထဲ ဝင်ရောက်ခဲ့လို့ အာဖဂန် လုံခြုံရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

လေးနာရီကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး သေနတ်သမား တွေအားလုံးကို သုတ်သင်လိုက်နိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သံရုံးအစောင့် အာဖဂန်လူမျိုး နှစ်ယောက်လည်း သေဆုံးသွားတယ်လို့ အီရတ် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ရဲတစ်ဦးအပါအဝင် လူ သုံးဦးလည်း ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။

အီရတ်သံရုံး ပစ်မှတ်ထားခံရတာ အခုအကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒါပေမယ့် အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို အိုင်အက်စ်တွေ လက်ထဲက ပြန်သိမ်းနိုင်ခဲ့တဲ့ အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲကို မကြာခင်က အဲဒီ သံရုံးမှာ လုပ်ခဲ့တယ်လို့ ကာဘူးလ်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။