ရာထူးတိုး မညီမျှမှုနဲ့ ဖဲကြိုးပြာ လှုပ်ရှားမှု

  • 1 ဩဂုတ် 2017
Image caption ဖဲကြိုးပြာ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဘားအံ ကွန်ပြူတာ တက္ကသိုလ်က ဆရာမများ

လုပ်ငန်းခွင်မှာ ရာထူးတိုးမညီမျှမှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ တက္ကသိုလ် တွေက ထောင် နဲ့ ချီတဲ့ ဆရာ ဆရာမတွေဟာ နိုင်ငံတဝန်း ဖဲကြိုးပြာ လှုပ်ရှားမှုကို ဇူလိုင်လ ၃၁ရက်နေ့မှာ စတင်လိုက်ပါတယ်။

ပညာရေးဝန်ကြီးဌာန အောက်မှာ ရှိတဲ့ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ကွန်ပြူတာတက္ကသိုလ် နဲ့ ဆေးဘက်ဆိုင်ရာတက္ကသိုလ်တွေမှာ သရုပ်ပြအဆင့်ကနေ လက်ထောက်ကထိက ကထိက နဲ့ ပါမောက္ခအဆင့် ရာထူးတိုးမညီမျှမှုကို ဆရာ ဆရာမ (၂)ထောင်ကျော်က ဆန့်ကျင်ကန့်ကွက်ကြတာ ဖြစ်ပါတယ်။

ရန်ကုန် ပြည် ကျောက်ဆည် မကွေး ထားဝယ် မြစ်ကြီးနားစတဲ့ နည်းပညာနဲ့ ကွန်ပြူတာ တက္ကသိုလ်တွေ ဆရာ ဆရာမတွေဟာ ကျောင်းတက်ချိန်အတွင်း ကျောင်းယူနီဖောင်းတွေမှာ ဖဲကြိုးပြာတွေ တပ်ဆင်ပြီး လှုပ်ရှားမှု လုပ်နေကြတာလို့ ဒီဖဲကြိုးပြာ လှုပ်ရှားမှုကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ပြည်နည်းပညာတက္ကသိုလ် လက်ထောက်ကထိက ဦးရဲမင်းသိန်း ပြောပါတယ်။

ဝန်ကြီးဌာနချင်းတူပေမယ့် ဦးစီးဌာနမတူလို့ ရာထူးတိုးမညီမျှမှုတွေဟာ တက္ကသိုလ်အချို့မှာ ဖြစ်နေပြီး ပညာရေးဝန်ကြီးဌာနအနေနဲ့ ရာထူးတိုး ပေါ်လစီကို အခုနှစ်ကနေ စပြောင်းဖို့ တက္ကသိုလ်တွေမှာ ညွှန်ကြားချက် ထုတ်ခဲ့ပေမယ့် စက်မှုနဲ့ သက်မွေးပညာဦးစီးဌာနအောက် က တက္ကသိုလ်တွေမှာ လုပ်သက် နဲ့ ရာထူးတိုးခန့်အပ်နေပြီး အဆင်မြင့်ပညာဦးစီးဌာနအောက်က တက္ကသိုလ်တွေမှာတော့ ရာထူးတိုးစာမေးပွဲ ဖြေလို့ အောင်မှပဲ ရာထူးတိုးနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနဖက်ကတော့ ရာထူးဝင်အဖွဲ့ရဲ့ အမိန့်စာဟာ စက်မှု နဲ့ သက်မွေးပညာဦးစီးဌာနကို အချိန်မှီ မရောက်ခဲ့တာကြောင့်လို့ အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း ပြောပါတယ်။

အခုလို ဝန်ကြီးဌာနရဲ့ ရာထူးတိုး အမိန့်စာ နဲ့ အကျုံးမဝင်ခဲ့တဲ့ စက်မှု နဲ့ သက်မွေးပညာဦးစီးဌာနအောက်က တက္ကသိုလ်တွေက ဆရာ ဆရာမ (၈၀ဝ) ကျော်လောက်ကတော့ ရာထူးတိုးစာမေးပွဲ ဖြေစရာမလိုပဲ လုပ်သက်နဲ့ ရာထူးတွေ တိုးသွားကြပြီ ဖြစ်ပါတယ်။

သူတို့တွေဟာ နောက်တစ်ကြိမ် ရာထူးတိုးချိန်ကျမှာပဲ ရာထူးတိုးစာမေးပွဲကို ဖြေဆိုဖို့ လိုအပ်တော့မှာ ဖြစ်ပါတယ်။

ဖဲကြိုးပြာ လှုပ်ရှားသူတွေကတော့ အခုလို ရာထူးတိုးမညီမျှမှုတွေ အပေါ် ပြီးခဲ့တဲ့ (၂) လကျော်လောက်ကတည်းက ပညာရေးဝန်ကြီးဌာနကို ကန့်ကွက်စာ ပို့ထားပေမယ့် ပြန်လည်ဖြေရှင်းတာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

အခုစတင်တဲ့ ဖဲကြိုးပြာလှုပ်ရှားမှု ကိုတော့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ပါဝင်လာဖို့ ရှိပြီး နိုင်ငံတဝှမ်း လှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့လည်း သတင်းရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ