အာဏာရှင် စံနစ်ဆီ ဦးတည်လာပြီလား

  • 1 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဗင်နီဇွဲလား သမ္မတ မဒူရို

ဗင်နီဇွဲလားမှာ ဖွဲ့စည်းပုံ ပြန်ပြင်ရေးဆွဲဖို့သမ္မတက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မဲခွဲ လုပ်ဆောင်ခဲ့တာဟာ အာဏာရှင် ဖြစ်ကြောင်း အတည်ပြု ပြောကြားသလို ဖြစ်နေတယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး H R McMaster က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက သမ္မတ နီကိုလပ် မဒူရို အပေါ် အမေရိကန် အစိုးရက စီးပွားရေး အရ ပိတ်ဆို့အရေးယူ ခဲ့တာ ဖြစ်ပါတယ်။

ဗင်နီဇွဲလား အပေါ် နောက်ထပ် ပိတ်ဆို့မှုတွေ ထပ်လုပ်ဖို့ ကိုလည်း စဉ်းစားနေတယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးက ပြောပါတယ်။

ဗင်နီဇွဲလားမှာ ပေါ်ထွက်လာမယ့် လွှတ်တော် သစ်က ဖွဲ့စည်းပုံ ပြန်လည် ရေးဆွဲပြီး လက်ရှိ အတိုက်အခံတွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ကိုလည်း ဖျက်သိမ်းပစ်မှာ ဖြစ်ပါတယ်။

အတိုက်အခံ အရေး တက်ကြွလှုပ်ရှားသူတွေကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက မဲခွဲ အတည်ပြုမှုကို ဆက်လက် ဆန့်ကျင် ဆန္ဒပြနေပါတယ်။

မစ္စတာ မဒူရို ကတော့ နိုင်ငံမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လွှတ်တော်သစ် ခေါ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန် အနေနဲ့ သူ့အပေါ် ထပ်ပြီး အရေးယူ ပိတ်ဆို့မှုတွေ လုပ်လာမယ် ဆိုရင် ဒါဟာ ဒေါ်နယ် ထရမ့်ရဲ့ ဆောက်တည်ရာမရ အမုန်းပွားမှုကို ပြတာဘဲလို့ ဗင်နီဇွဲလား သမ္မတ မဒူရိုက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ