မကွေး စာရင်းပျောက်ထဲက သန်းသုံးထောင် ပြန်ဆပ်

  • 1 ဩဂုတ် 2017
Image caption မကွေးတိုင်း ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ

အစိုးရ အကူးအပြောင်းမှာ မကွေး တိုင်းဒေသကြီး အတွင်း စာရင်းပျောက် နေခဲ့တဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေ သန်း ၃ ထောင်ကျော်ကို ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက အကုန်အစင် ပြန်ပေးခဲ့ပြီလို့ လက်ရှိ တိုင်းဒေသကြီး အစိုးရ အဖွဲ့က ထုတ်ပြန်ပါတယ်။

ရွှေသုခ အသေးစား ချေးငွေဖောင်ဒေးရှင်းမှာ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးဘုန်းမော်ရွှေ ရဲ့ ကိုယ်စားလှယ် ဦးညီထွန်း က တဆင့် တိုင်းဒေသကြီး အစိုးရ ဆီကို ပေးသွင်းခဲ့တာ ဖြစ်တယ်လို့ ပွင့်ဖြူ မြို့နယ်က ပြည်သူ့ လွှတ်တော် အမတ် ကိုထွန်းထွန်းက ပြောပါတယ်။

ငွေကြေးပျောက်တာတွေ စတင် ပေါ်ပေါက်ခဲ့စဉ်တုန်းက ကျပ် ၇.၄၅ ဘီလီယံ ဖြစ်ပြီး အဲဒီ အထဲက မကွေးတိုင်း ဖွံ့ဖြိုးရေး အတွက် ၄.၁၈ ဘီလီယံ သုံးစွဲ ခဲ့တယ်လို့ ဆိုကြောင်း ကိုထွန်းထွန်း က ရှင်းပြပါတယ်။

ဒါ့အပြင် ၁.၅၇၅ ဘီလီယံ ကို အသေးစား ချေးငွေ ထုတ်ချေးကာ ၁.၇ ဘီလီယံကို ပါတီ တခုမှာ သုံးခဲ့တာ ဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သူက ပြောပါတယ်။

အသေးစား ချေးငွေနဲ့ ပါတီ အတွက် သုံးထားတဲ့ ငွေ ၃.၂ ဘီလီယံ အကုန်လုံးကို ပြီးခဲ့တဲ့ မေလကတည်းက စတင် သွင်းလာခဲ့ရာမှာ အခု ဇူလိုင်လ နောက်ဆုံးထား အပြီး ဆပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီငွေတွေကို ကျန်းမာရေးနဲ့ ပညာရေး ကိစ္စတွေမှာ အသုံးပြုချင်ပေမယ့် လက်ရှိ စည်းမျဉ်း စည်းကမ်းတွေ အရ တိုင်းဒေကြီး အစိုးရနဲ့ လွှတ်တော်က ဆုံးဖြတ်ပြီးကာမှ မကွေးတိုင်း အတွင်းက ၂၅ မြို့နယ် ဖွံ့ဖြိုးရေး အတွက် သုံးစွဲဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။

ရှေ့ဆက်ပြီး မကွေးတိုင်း ဖွံ့ဖြိုးရေး အတွက် သုံးစွဲခဲ့တယ် ဆိုတဲ့ ၄.၁၈ ဘီလီယံ နဲ့ ပတ်သက်ပြီး ပြန်လည် စိစစ် သွားမယ် ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ