မြန်မာနဲ့နယ်စပ် တရုတ် ပိုင်နက်ဖက်မှာ တပ်တွေတိုးချ

  • 1 ဩဂုတ် 2017
Image caption တရုတ် မြန်မာ နယ်စပ် အနေအထားပြ မြေပုံ

တရုတ်မြန်မာနယ်စပ် တလျောက် တရုတ်ပိုင်နက်အတွင်းမှာ တရုတ်တပ်တွေအပါဝင် လုံခြုံရေး တပ်ဖွဲ့ဝင် တိုးချဲ့ချထားမှုတွေ ဒီရက်ပိုင်းအတွင်း ပြုလုပ်လာပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က မူဆယ် ဒေသတိုက်ပွဲတွေ အပြီး တရုတ် မြန်မာ နယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ အနီးမှာ တရုတ်ဘက်က လုံခြုံရေး တိုးမြှင့် တပ်လှန့်မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့ ညက စလို့ နမ့်ခမ်းကနေ ကိုးကန့်နယ်စပ်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ တရုတ်ဘက်ခြမ်းမှာ တရုတ်စစ်တပ်အပါဝင် ရဲတပ်ဖွဲ့ဝင်တွေကိုလည်း တပ်လှန့်တာ နေရာယူထားတာတွေ လုပ်လာတယ်လို့ သတင်းရရှိပါတယ်။

တရုတ်နယ်မြေအတွင်း တယ်ဟုန်ပြည်နယ်အတွင်း တပ်မဟာ

၄ ခုလောက်က နေရာယူနေပြီး ပြီးခဲ့တဲ့ နှစ်ကတည်းက တရုတ်မြန်မာ နယ်စပ် တယ်ဟုန်ပြည်နယ်ခွဲအတွင်းမှာ ရှိနေတဲ့ တင့်ကား တပ်မဟာတွေလည်း အသင့်အနေထားနဲ့ နယ်စပ်တလျှောက် ကင်းလှည့်တာတွေ လုပ်လာနေတယ်လို့ ပြောကြပါတယ်။

TNLA လှုပ်ရှားတဲ့ ဒေသတွေအနီးက ရှမ်းမြောက် တရုတ်နယ်စပ်တလျှောက် တရုတ်ဘက်က လုံခြုံရေးတိုးမြှင့်ထားတာတွေ့ရပြီး တရုတ်တပ်မတော်နေ့က ဇူလိုင်လ ၃၀ ရက်နေ့ ဆိုတော့ အဲဒါနဲ့ ဆက်စပ်မှု ရှိမရှိ မသိရသေးပေမယ့် တပ်တွေကတော့ အခုအထိလည်း ရှိနေတယ် လို့ တအာင်းပလောင် TNLA ပြောခွင့်ရ တာ့အိုက်ကျော် ပြောပါတယ်။

အခုလို တပ်တွေချထားမှုဟာ ပြီးခဲ့တဲ့နှစ်က မြောက်ပိုင်းမဟာမိတ်နဲ့ အစိုးရ စစ်တပ်အကြား မူဆယ်ဒေသတိုက်ပွဲတွေဖြစ်ပြီးနောက် ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

မူဆယ်နဲ့ ထိစပ်နေတဲ့ ကြယ်ခေါင်ရွှေလီလိုမြို့တွင်းပိုင်းနေရာတွေမှာတော့ လုံခြုံရေးတိုးမြင့်ချထားတာမတွေ့ရဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

မြို့ပြင်လိုနေရာတွေက ကြူကုတ်ပန်ဆိုင်း ဟိုဘက်က ဝမ်တိန် - ရွှေလီ သွားလမ်း တရုတ်မြန်မာ နယ်စပ်တလျှောက်က နယ်မြေတွေမှာတော့ တရုတ်တပ်တွေနဲ့ ရဲတွေ လုံခြုံရေး ယူထားတာရှိတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလ တိုက်ပွဲတွေမှာ ပန်ဆိုင်းနဲ့ မုံးကိုးဒေသတွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ ဒေသတွေ ဖြစ်ခဲ့ပြီး ကချင်နဲ့ ရှမ်းပြည်နယ်အစပ် ကချင်ပြည်နယ် မန်ဝိန်းကြီး ဒေသနား တရုတ်ပိုင်နက်အတွင်းမှာတော့ တရုတ်စစ်တပ်နဲ့ ရဲက ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက နေရာယူထားတဲ့ အတိုင်းရှိနေတယ် လို့ SNLD ပါတီရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ စိုင်းအေးမင်းက ပြောပါတယ်။

ဒေသတွင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက တန်ပြန်တိုက်ခိုက်နိုင်တယ်ဆိုတဲ့ ကောလဟာလအချို့လည်း ပေါ်ထွက်လာနေတယ်လို့ နမ့်ခမ်းဒေသခံတဦးက ပြောပြီး နမ့်ခမ်းမြို့ ရွှေလီမြစ်တဘက်ကမ်း တရုတ်နယ်စပ်နားမှာလည်း ခုရက်ပိုင်းအတွင်း မကြာမကြာဆိုသလို တရုတ်လုံခြုံရေးတွေ မြင်တွေ့နေရတယ်လို့ ပြောပါတယ်။

အခုလို တရုတ်ဘက်က တပ်လှန့်မှုတွေလုပ်လာတာဟာ မြန်မာဘက်မှာ တိုက်ခိုက်မှုတွေ ဖြစ်နိုင်တယ်ဆိုတဲ့ ကောလဟာလတွေကြောင့် ဖြစ်တယ်လို့ နယ်စပ်အရေးလေ့လာသူတွေက ဆိုကြပါတယ်။

တရုတ်ဘက်က စိုးရိမ်သလို မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တန်ပြန်တိုက်ခိုက်မှုတွေ လုပ်ဖို့ မရှိဘူး တိုက်ပွဲဝင်ရခက်တဲ့ မိုးတွင်းကာလကို ရောက်နေပြီလို့ တရုတ်ထောက်လှမ်းတွေနဲ့ နိုင်ငံခြားရေးဌာနဘက်ကို တအာင်းပလောင်တပ်ဖွဲ့က ပြောဆိုထားတယ်လို့ သတင်းမီဒီယာ အချို့မှာ ဖော်ပြနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ