ရခိုင်အစိုးရက အကြမ်းဖက်ခံရတဲ့ဒေသခံတွေကို နေရပ်ပြန်ဖို့တိုက်တွန်း

  • 9 ဩဂုတ် 2017
Image caption အကြမ်းဖက်ခံရတဲ့ ကျေးရွာတွေမှာ လုံခြုံရေး တိုးမြှင့်ထား

ရခိုင်ပြည်နယ်အတွင်းက ကျေးရွာအချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပျက်ခဲ့တဲ့ တိုက်ခိုက်မှုတွေ ကြောင့် ဒေသခံတွေအနေနဲ့ မိမိနေရပ်ကို မစွန့်ခွာဖို့၊ နေရပ်စွန့်ခွာထွက်ပြေးသူတွေကို လည်း မိမိတို့နေရပ်ဒေသ မှာ ပြန်လည်နေထိုင်ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ က သြဂုတ် ၈ ရက် နေ့ကတိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ကိုင်တိုက်ခိုက်မှုတွေကြောင့် ကိုင်းကြီးမြိုကျေးရွာက မြိုတိုင်းရင်းသား ၆ဦး သေဆုံးပြီး ၂ဦးပျောက်ဆုံးခဲ့ပါတယ်။ အလားတူ ရသေ့တောင်အောက်နန်းကျေးရွာမှာလည်း လုံခြုံရေး တပ်ဖွဲ့ဝင် တွေကို အကြမ်းဖက်သူတွေက ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီမှာရှိတဲ့ ကျေးရွာအတော်များများက ကျေးရွာသားတွေဟာ မြို့နဲ့နီးတဲ့ရွာတွေကိုပြောင်းရွှေ့နေထိုင်ခဲ့ကြရ ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အကြမ်းဖက်ခံရတဲ့ တိုင်းရင်းသားတွေ မိမိတို့နေရပ်ကိုစွန့်ခွာ သွားတဲ့အခါ အကြမ်းဖက် တိုက်ခိုက်သူတွေက အစားထိုးဝင်ရောက်နေထိုင်သွားမဲ့အခြေနေကို စိုးရိမ်တဲ့အတွက် လုံခြုံရေး ကိုတိုးမြှင့်ချထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

ဒေသခံ ၈ ဦး သေဆုံးတဲ့အထိတိုက်ခိုက်ခံခဲ့ရတာကြောင့် ကိုင်းကြီး(မြို)ကျေးရွာက ရွာသူရွာသား ၂၀ဝ ကျော်ဟာ အခုချိန်ထိ တောင်ယာအလုပ်ကိုသွားရောက်မလုပ်ကိုင်ရဲသေးဘူးလို့ ကိုင်းကြီး (မြို) ကျေးရွာလူကြီးဖြစ်တဲ့ ဦးစံထွန်းက ပြောပါတယ်။

မြိုတိုင်းရင်းသားတွေဟာ ရွှေ့ပြောင်းတောင်ယာအလုပ်ကိုလုပ်ကိုင်ပြီး တောတောင်ထဲမှာ သာနေ လေ့ရှိတဲ့ တိုင်းရင်း သားတွေဖြစ်ပါတယ်။

ဒီလိုဝေးလံခေါင်သီပြီး လုံခြုံရေးစိုးရိမ်ရတဲ့မြိုကျေးရွာလို တိုင်းရင်းသားကျေးရွာတွေ အတွက်ကို တော့ အစိုးရအဖွဲ့ အနေနဲ့ ဆက်သွယ်ရေးကောင်းမွန်တဲ့နေရာတွေမှာ စံပြကျေးရွာစုတွေအဖြစ် ဒီနှစ်အတွင်းမှာပြောင်းရွှေ့ နေရာချထားပေးဖို့လည်း ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးဦးတင်မောင်ဆွေက ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုံခြုံရေးကို ထိထိရောက်ရောက်တိုးမြှင့်လုပ်ဆောင်ထားတယ်လို့ ပြောပေမဲ့ ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင် မောင်တောနဲ့ ရသေ့တောင်ဒေသတွေမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားမှုများလာတာကြောင့် ဒေသခံတိုင်းရင်းသားတွေအနေနဲ့ကတော့ စိုးရိမ်မှုတွေရှိနေဆဲဖြစ်ပါတယ်။