အမေရိကန်ပိုင် ဂူအမ်ကျွန်းကို လလယ်မှာ တိုက်ဖို့ အဆင်သင့်လို့ မြောက်ကိုရီးယားဆို

  • 10 ဩဂုတ် 2017
Image caption ဂူအမ်ကျွန်းရဲ့ လေးပုံတပုံ နေရာတွေမှာ အမေရိကန်စစ်စခန်းတွေ ရှိနေ

ဝါရှန်တန်အစိုးရနဲ့ စကားစစ်ထိုးပွဲတွေ အရှိန်မြင့်တက်နေတုန်းမှာပဲ အမေရိကန်နိုင်ငံပိုင် ဂူအမ်ကျွန်း အနီးကို ဒုံးကျည် ၄ စင်း ပစ်လွှတ်ဖို့ အတွက် သြဂုတ်လလယ်ပိုင်းမှာ အဆင်သင့် ဖြစ်မယ်လို့ မြောက်ကိုရီးယားက ကြေညာလိုက်ပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာ ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ သဘောတူခွင့်ပြုချက်ရရင် ဂျပန်နိုင်ငံကိုကျော်ပြီး ဂူအမ်ကျွန်းနဲ့ ၁၇ မိုင် အကွာ ပင်လယ်ပြင်ကို ဟွာဆန်-၁၂ အမျိုးအစား ဒုံးကျည်တွေ ပစ်လွှတ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဟွာဆန်-၁၂ အမျိုးအစား ဒုံးကျည်တွေက မြောက်ကိုရီးယား ပြည်တွင်းလုပ် ဖြစ်ပြီး တာလတ်နဲ့ တာဝေး ပစ်ခတ်နိုင်စွမ်းပါတယ်။

မြောက်ကိုရီးယား မီဒီယာရဲ့ ကြေညာချက်မှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဒေါသမီးလျှံနဲ့ တုံ့ပြန်ခံရမယ် ဆိုတဲ့ သတိပေးစကားကိုလည်း ရှုတ်ချထားပြီး အမေရိကန်ခေါင်းဆောင်ဟာ အကျိုးအကြောင်းဆင်ခြင်နိုင်မှု မရှိဘူးလို့ ဝေဖန်ပါတယ်။

အမေရိကန်ဘက်ကတော့ မြောက်ကိုရီးယားရဲ့ အပြုအမူတွေဟာ အစိုးရ ပြုတ်ကျစေနိုင်တဲ့ အခြေအနေ အထိ ဦးတည် သွားစေနိုင်တယ်လို့ သတိပေးထားပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စစ်အင်အားကို ဘယ်လိုနည်းနဲ့မှ ယှဉ်နိုင်မှာ မဟုတ်ဘူးလို့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်က ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဂူအမ်ကျွန်းဟာ စစ်ရေးအရ အချက်အခြာ ကျတဲ့ နေရာ ဖြစ်သလို ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုး

ဂူအမ်ကျွန်းမှာ နေထိုင်နေသူတွေကတော့ တကယ်သာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ရင် မြောက်ကိုရီးယား အစိုးရရဲ့ အဆုံးသတ် နိဂုံး အချိန်ပဲလို့ ထင်မြင်နေကြပြီး မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုဟာ စကားအရာသာ ဖြစ်မယ်လို့ ယူဆနေကြကြောင်း ဂူအမ်ကျွန်းကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ရူပတ်ဝင်းဖီးလ်ဟေးစ်က ပြောပါတယ်။

ဂူအမ်ကျွန်း အုပ်ချုပ်ရေးမှုး အက်ဒီကာလ်ဗိုကလည်း မြောက်ကိုရီးယားဟာ အမြဲလိုလို ထင်မှတ်မထားတာတွေ လုပ်လေ့ရှိပြီး အရင်တုန်းကလည်း လျှပ်တပြက် ဒုံးကျည်တွေ ပစ်လွှတ်လေ့ရှိတယ်၊ ဒါပေမယ့် အခုတော့ သူတို့ လုပ်မယ့် အစီအစဉ်ကို ကြိုပြောထားလို့ ဒါဟာ ကြောက်ကန် ကန်၊ ခြိမ်းခြောက်တဲ့ သဘောသာ ဖြစ်ပြီး ကြီးမားတဲ့ အန္တရာယ် တခု မဟုတ်နိုင်ဘူးလို့ မြောက်ကိုရီးယားရဲ့ ကြေညာချက်အသစ်နဲ့ စပ်လျဉ်းပြီး ကြာသပတေးနေ့က သုံးသပ်ပါတယ်။

လူဦးရေ ၁၆၃,ဝ၀ဝ နေထိုင်နေတဲ့ ဂူအမ်ကျွန်းမှာ အမေရိကန် တပ်သား ၆,ဝ၀ဝ လောက် တပ်စွဲ ထားတဲ့ စစ်အခြေစိုက်စခန်းတွေရှိပြီး စစ်နည်းဗျူဟာအရ အရေးပါတဲ့ ဗုံးကြဲလေယာဉ်တွေလည်း ချထားပါတယ်။

အခု အချိန်မှာ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်နည်းပညာမှာ အောင်မြင်နေပြီ လို့ သုံးသပ်မှု အများအပြား ရှိနေပေမယ့် အမေရိကန်ကို လျှပ်တပြက် တိုက်ခိုက်ဖို့ကတော့ ဖြစ်နိုင် ခြေနည်းတယ်လို့ လေ့လာသူ အများစုက သုံးသပ်ကြပါတယ်။