DPN အဆိုပြုချက် ကျန်တ၀က် ဆက်ဆွေးနွေးနေဆဲ

  • 11 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် UNFC
Image caption ငြိမ်းချမ်းရေး ကော်မရှင်နဲ့ DPN အဖွဲ့ သြဂုတ် ၁၁ ရက်က တွေ့ဆုံစဉ်

တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူစာချုပ် NCA လက်မှတ်မထိုးရသေးတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ ငြိမ်းချမ်းရေး ကော်မရှင်က ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပွဲကို ကျင်းပနေရာမှာ UNFC ဘက်က တင်ပြတဲ့ အချက် ၉ ချက်ထဲက အချက် ၄ ဟာ သဘောတူနိုင်တဲ့ အနေအထားကို ရောက်လာနေပြီလို့ သြဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နှစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့DPN တို့ အကြား ၁ နှစ်ကျော် ဆွေးနွေးခဲ့မှုအပြီးမှာ ပထမဆုံးအကြိမ်အနေနဲ့ အချက်၄ ချက်ကို သဘောတူညီနိုင်မယ့် အနေအထားကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

သဘောတူညီမှုရတဲ့ ၄ချက်ကတော့ အစိုးရနဲ့ တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲကြောင်း ၂၄ နာရီ အတွင်း ကြေညာပေးဖို့၊ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားဖို့၊ နိုင်ငံရေးတွေ့ဆုံပွဲ အဆင့်ဆင့်တွေမှာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တရားဝင် နိုင်ငံရေးပါတီတွေအပြင် ပါဝင်သင့်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်ဖို့နဲ့ ၂၁ ရာစုပင်လုံ ညီလာခံက ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေကို မူတည်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေတွေကို ပြင်ဆင်ပြဌာန်းပေးဖို့ စတဲ့ အချက်လေးချက်ကို သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်ဖက်ဆွေးနွေးနေတဲ့ ကိုယ်စားလှယ်တွေဟာ လုပ်ငန်းကော်မတီ အဆင့်ပဲ ရှိနေတာကြောင့် နှစ်ဖက် တာဝန်ရှိတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေထံ ပြန်လည် တင်ပြပြီး အတည်ပြုချက် ရယူနိုင်ရင်တော့ အချက်တချို့ကို အတည်ပြု သဘောတူညီနိုင်မှာဖြစ်ပါတယ်။

ညှိနှိုင်းဆွေးနွေးမှုတွေကို သဘောတူတယ်ဆိုရင် သဘောတူညီချက်ရပြီး ၂၄ နာရီအတွင်း အစိုးရ တပ်မတော်ဘက်က တနိုင်ငံလုံး အပစ်ရပ်စဲရေး ကြေငြာချက်ကို ထုတ်ပြန်ပေးရမှာဖြစ်ပြီး UNFC အဖွဲ့ဝင်တွေဘက်ကတော့ ၄၈ နာရီအတွင်း အပစ်ရပ်စဲကြောင်း ကြေငြာပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တန်းတူ ညီမျှရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီ အခွင့်အရေးတွေအတွက် အာမခံချက် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ဖို့ဆိုတာလည်း ပါဝင် ပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့်မှာ အစိုးရ လွှတ်တော်နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ တစု ၊ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်တွေ တဘက် ၊ တရားဝင်နိုင်ငံရေးပါတီတွေပါဝင်တဲ့ အစုတစု စသဖြင့် ပါဝင်စေပြီး အခြားဆွေးနွေးမှု အဆင့်ဆင့်မှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ အခြားပါဝင်သင့် ပါဝင်ထိုက်သူတွေကလည်း သက်ဆိုင်ရာ ကဏ္ဍတွေမှာပါဝင်ဖို့ ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

၂၁ ပင်လုံက ထွက်လာတဲ့ သဘောတူညီချက်အပေါ် အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဖို့ ဆိုတာလည်း DPN အဆိုပြုချက်တွေထဲ တချက် ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲ မတိုင်ခင်က လေ့လာသူတွေ ကြိုတင်ခန့်မှန်းခဲ့ကြတဲ့ အရေးကြီးအချက်တွေဖြစ်တဲ့ တပ်နေရာချထားရေးနဲ့ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ လိုက်နာရမဲ့ ကျင့်ဝတ်ဆိုင်ရာကိစ္စရပ်တွေ အဲဒီ လုပ်ငန်းစဉ်တွေအတွက် အရေးကြီးတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှုကော်မတီ JMC မှာ နိုင်ငံတကာက အစိုးရ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ကြီးကြပ်ရေး အဖွဲ့တွေနဲ့ ဖွဲ့စည်းဖို့လိုတဲ့ ကိစ္စတွေကတော့ သဘော တူညီနိုင်လောက်တဲ့ အနေအထားအထိ နီးစပ်လာတာ မရှိသေးပါဘူး။

ဒါ့အပြင် အန်စီအေ စာချုပ်ပါ လိုက်နာရမဲ့ ကိစ္စရပ်တွေကို ချိုးဖောက်လို့ မပြေလည်မှုတွေ ရှိလာရင် နိုင်ငံတကာက ဥပဒေပညာရှင်တွေ တရားသူကြီးတွေ ပါဝင်ဖြေရှင်းဖို့လိုတဲ့ ကိစ္စနဲ့ ဒီအဆိုပြုချက်တွေကို သဘောတူပြီဆိုရင် ဒီသဘောတူညီချက်တွေကို ဥပဒေကြောင်းအရ သဘောတူအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကိုလည်း ညှိနှိုင်းလို့ မရသေးတဲ့ အနေအထားမှာဘဲ ရှိနေပါသေးတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် (PC) တို့၏ ဆဋ္ဌမအကြိမ်မြောက် တရားဝင် တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့က စပြီး သြဂုတ်လ ၁၁ ရက် အထိ ရန်ကုန် မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ