INGO ထွက်သွားဖို့ တောင်းဆိုမှု အပေါ် တုန့်ပြန်ချက်

  • 14 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Nirijara
Image caption ရခိုင်က ဆန္ဒပြပွဲတွေမှာ INGO ထွက်သွားဖို့ တောင်းဆို

ရခိုင်တလွှား ကျင်းပခဲ့တဲ့ ဆန္ဒပြပွဲတွေ ထဲမှာ ဂွ မြို့နယ် က ဆန္ဒပြပွဲမှာတော့ ၁၉၈၂ နိုင်ငံသား အက် ဥပဒေ ကို အစိုးရ က လိုက်နာ ဆောင်ရွက်ရေး၊ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့အစည်းတွေ က အကြမ်းဖက် အဖွဲ့ တွေ နဲ့ ဆက်နွယ်မှုတွေ ရှိနေတယ်လို့ ဆိုပြီး သူတို့ကို ရခိုင်မှာ ဆက်လက် လုပ်ကိုင်ခွင့် မပြု ဖို့ တောင်းဆိုမှုတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် INGO အဖွဲ့တွေဟာ ဒေသခံတွေကို အကူအညီ ပေးရာမှာ ဘက်လိုက်တယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါဟာ နိုင်ငံတကာ လူမှု ကယ်ဆယ်ရေး အဖွဲ့တွေ အနေနဲ့ ဖြေရှင်းလို့ မရသေးတဲ့ ၊ ဒေသခံတွေက INGO အဖွဲ့အစည်းတွေ အပေါ် နားလည်မှု လွဲမှားနေတဲ့ ပြဿနာလို့ ယူဆရပြီး သူတို့အနေနဲ့ လူထုနဲ့ ထိတွေ့မှု အားနည်းတာလည်း ပါသလို ၊ ကျန်းမာရေး ဌာနကိုသာ သူတို့ လုပ်ကိုင်တာတွေကို ချပြလေ့ရှိပြီး လူထုကို ချပြမှု မရှိတာကြောင့်လို့ နယ်စည်းမထား ဆရာ၀န်များအဖွဲ့က လက်ရှိ ရခိုင်ပြည်နယ် ကျန်းမာရေး ဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာ ဘုန်းသစ်က ပြောပါတယ်။

သူတို့အဖွဲ့အစည်း အနေနဲ့ နိုင်ငံပေါင်း ၇၀ ကျော်မှာ လှုပ်ရှား ဆောင်ရွက်လျက် ရှိပြီး ဘက်မလိုက်ရေး ၊ ကြားနေရေးနဲ့ အမှီခို ကင်းရေး မူ၃ချက် နဲ့ ရခိုင် မှာသာမက ကချင် ၊ ရှမ်းပြည် မြောက်ပိုင်းနဲ့ ရန်ကုန် တဝိုက်မှာ ကျန်းမာရေး ကိစ္စတွေ ကူညီ ဆောင်ရွက်ပေးနေတယ်လို့ ဒေါက်တာ ဘုန်းသစ်က ဆိုပါတယ်။

နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အဖွဲ့တွေ အနေနဲ့ လစဉ် ၊ အပတ်စဉ် သက်ဆိုင်ရာ တာဝန် ရှိသူတွေ နဲ့ ကျန်းမာရေး ဌာန တို့ကို တင်ပြရတဲ့ အစီရင်ခံစာတွေမှာ လက်ရှိ ပကတိ အခြေအနေ အတိုင်း တင်ပြတာသာ ဖြစ်တယ် ၊ ဒီအပေါ် အာဏာပိုင်တွေက အထူးအထွေ ညွှန်ကြားချက် ထုတ်ထားတာ မရှိဘူးလို့ သူက ပြောပါတယ်။

ဆန္ဒပြမှုတွေ နောက်ပိုင်းမှာ လူမှုကယ်ဆယ်ရေး အကူအညီတွေ ဆက်လက် ပေးလျက် ရှိပြီ အခုဆိုရင် သူတို့ အဖွဲ့ကို H1N1 ရောဂါပိုး ကူးစက်မှုနဲ့ ပတ်သက်လို့ အကူအညီ တောင်းမှုတွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

အစိုးရ အနေနဲ့ လုံခြုံရေး ဆောင်ရွက်ပေးဖို့ တော စစ်တွေ မြို့မှာ ထောင်နဲ့ချီ တဲ့ လူ တွေက ဆန္ဒပြ တောင်း ဆို ခဲ့သလို ရခိုင်ပြည်နယ်က ငပလီမြို့ အပါအဝင် မြို့ပေါင်း ၁၆ မြို့မှာ လူအင်အား ထောင်နဲ့ ချီပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာသာမက မာန်အောင်၊ မြေပုံ၊ ရမ်းဗြဲ၊ ဂွ၊ သံတွဲ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏား ကျွန်းမြို့နယ်တွေမှာလဲ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ