မြောက်ကိုရီးယားထွက်ကုန်တချို့ တရုတ်ဝယ်ယူမှုရပ်

  • 15 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်နိုင်ငံ ဒန်ဒူမြို့ အနီး ယာလုမြစ်ပေါ်က တံတားဟာ နှစ်နိုင်ငံကုန်သွယ်မှု အဓိက စီးဆင်းနေတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံဆီက ကျောက်မီးသွေး၊ သံသတ္တု သတ္တုရိုင်းနဲ့ ပင်လယ်စာတွေ ဝယ်ယူတင်သွင်းနေတာကို ရပ်တန့်တော့မယ်လို့ ကြေညာလိုက်ပါတယ်။

ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယား အပေါ် အရေးယူဖို့ ဆုံးဖြတ်ချက်ကို စတင် အကောင်အထည် ဖော်တဲ့ သဘောဖြစ်ပါတယ်။

အရင်လက ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု နှစ်ခုကို တန်ပြန် အရေးယူတဲ့ အနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့တုန်းက တရုတ် အပါအဝင် လုံခြုံရေးကောင်စီဝင် နိုင်ငံအားလုံးက မြောက်ကိုရီးယား အပေါ် စီးပွားရေး အရ ပိတ်ဆို့ အရေးယူဖို့ တညီတညွတ်တည်း သဘောတူခဲ့ကြတာပါ။

တရုတ် အနေနဲ့ သူ့ရဲ့ မဟာမိတ် ဖြစ်တဲ့ အိမ်နီးချင်း မြောက်ကိုရီးယား အပေါ် ထိထိရောက်ရောက် ဖျောင်းဖြ ပြောဆိုတာတွေ မလုပ်ခဲ့ဘူးဆိုပြီး အမေရိကန်က စွပ်စွဲ အပြီးမှာ ဘေဂျင်းအစိုးရက မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူမှုတွေ အပြည့်အဝ လုပ်ဆောင်မယ်လို့ ကတိပြုထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဒုံးကျည်စမ်းသပ်မှု အပြီး အောင်ပွဲခံနေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း

မြောက်ကိုရီးယား နိုင်ငံတကာ ကုန်သွယ်ရေးရဲ့ ၉၀ ရာခိုင်နှုန်းကျော်က တရုတ်ပြည်နဲ့ အဓိက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ မနှစ်တုန်းက တရုတ်ပြည်ဟာ မြောက်ကိုရီးယားဆီကနေ ကျောက်မီးသွေး ဒေါ်လာ ၁.၂ ကုဋေ ဖိုး တင်သွင်းခဲ့ပါတယ်။

ကုလသမဂ္ဂက ချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုကြောင့် မြောက်ကိုရီးယားဟာ ၁ နှစ် အတွင်းမှာ ဒေါ်လာ ၁ ကုဋေ ထိခိုက်ဖွယ် ရှိတယ်လို့ လုံခြုံရေးကောင်စီမှာ အမေရိကန်ဘက်က တင်ပြခဲ့တဲ့ စာရင်းဇယားတွေက ဆိုပါတယ်။

တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ ကျောက်မီးသွေး တင်သွင်းမှု တချို့ကို ဒီနှစ်ဆန်း ဖေဖော်ဝါရီလကတည်းက ပိတ်ပင်ထားခဲ့တာပါ။ ဒါကြောင့် အခု စီးပွားရေး ပိတ်ဆို့မှု အသစ်ဟာ သံသတ္တုနဲ့ ပင်လယ်အစားအစာတွေ အပေါ် ပို သက်ရောက်ဖို့ ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြောက်ကိုရီးယားနဲ့ တရုတ် နှစ်နိုင်ငံကြား ယာလု မြစ်ဘေးက ကျောက်မီးသွေးပုံမှာ မြောက်ကိုရီးယား အလုပ်သမားတွေ လုပ်ငန်းခွင်ဝင်နေပုံ မြင်ကွင်း

အခု အရေးယူမှုမှာ အခုနောက်ပိုင်း ဖွံ့ဖြိုးလာနေတဲ့ မြောက်ကိုရီးယားရဲ့ အထည်ချုပ် လုပ်ငန်းတော့ မပါဝင်ပါဘူး။

တရုတ်ရဲ့ ပိတ်ဆို့အရေးမှုဟာ အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား စစ်ရေးအရ တင်းမာပြီး အပြန်အလှန် ခြိမ်းခြောက် ပြောဆိုမှုတွေ ဖြစ်ပေါ်နေတုန်းမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်သလို ဒါဟာ အမေရိကန်နဲ့ တရုတ်ကြား စီးပွားရေးအရ အကဲစမ်းမှုတွေ ဖြစ်ပေါ်နေချိန်လည်း ဖြစ်ပါတယ်။

တနင်္လာနေ့တုန်းက အမေရိကန်က သူ့ရဲ့ အသိဉာဏ် ပိုင်ဆိုင်ရာ မူပိုင်ခွင့်တွေကို ခိုးယူခံနေရတဲ့ အတွက် တရုတ်နဲ့ ကုန်သွယ်ရေးကို စုံစမ်းစစ်ဆေးဖို့ သမ္မတဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ထားပြီး ဒါကို မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်လို့ တရုတ်အနေနဲ့ ပိုမို ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ တွန်းအားပေးမှု အဖြစ် တရုတ် အစိုးရ မီဒီယာက ရှုမြင်ခဲ့ပါတယ်။

အမေရိကန်အစိုးရကတော့ ဒီကိစ္စနှစ်ရပ်ဟာ ဆက်စပ်မှု မရှိဘူးလို့ တရားဝင် ငြင်းဆိုထားပေမယ့် သမ္မတ ထရမ့်ဟာ အရင်တုန်းကတော့ မြောက်ကိုရီးယားကို ကိုင်တွယ်နိုင်ဖို့ တရုတ်နိုင်ငံကို ပြေပြေလည်လည် ဆက်ဆံသွားမယ်လို့ ပြောဆိုဖူးခဲ့တာ ရှိပါတယ်။