စပိန်က ဒုတိယမြောက် အကြမ်းဖက်မှု တားဆီးနိုင်ခဲ့

  • 18 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ကမ်ဘရေလ် တိုက်ခိုက်မှုက ယာဉ်ကို ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ်

စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း ဘာစီလိုနာမြို့ရဲ့ အနောက်တောင်ဘက်က ကမ်ဘရေလ်မြို့မှာ ဗင်ကားနဲ့ အကြမ်းဖက်ဖို့ ကြံစည်ခဲ့သူ လူ ငါးယောက်ကို တားဆီး သတ်ဖြတ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သောကြာနေ့ မနက်ပိုင်းက ကမ်ဘရေလ်မှာ ကားတစင်းက လူအုပ်စုထဲကို မောင်းဝင်လာလို့ ရဲအရာရှိ ၁ ဦး အပါအဝင် လူ ၇ ဦး ဒဏ်ရာရသွားပါတယ်။ စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်မှာ အဲဒီကားဟာ မှောက်ခုံလန်သွားပြီး ကားထဲက ထွက်လာသူတွေကိုလည်း ရဲတပ်ဖွဲ့က အလျင်အမြန်ပဲ ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့တယ် ဆိုပါတယ်။

သူတို့ကိုယ်ပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ပါဝင်တဲ့ ခါးပတ်တွေ တွေ့ရပြီး ဒါဟာ အစောပိုင်းက ဖြစ်ခဲ့တဲ့ ဘာစီလိုနာ တိုက်ခိုက်မှုနဲ့ ဆက်စပ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီမှာ အခြေအနေတွေ အားလုံးကို ထိန်းသိမ်းလိုက်နိုင်ပြီလို့လည်း ရဲက ဆိုပါတယ်။

Image caption ဘာစီလိုနာက ကမ္ဘာ့လှည့်ခရီးသည်တွေ အလာများပြီး ကမ်ဘရေလ်ကလည်း ထင်ရှားတဲ့ အပန်းဖြေစခန်းမြို့ဖြစ်

ဒေသစံတော်ချိန် ကြာသပတေးနေ့ နေ့ခင်းပိုင်းမှာ ဖြစ်သွားခဲ့တဲ့ ဘာစီလိုနာမြို့လယ်ခေါင်က လူစည်ကားရာ ရပ်ကွက် လာ့စ်ရမ်ဘလော့စ်က ဗင်ကားနဲ့ လူစုလူဝေးထဲကို ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်မှာတော့ လူ ၁၃ ယောက် သေဆုံးပြီး လူ အယောက် ၈၀ ဒဏ်ရာ ရခဲ့ပါတယ်။ ကားမောင်းတိုက်ခိုက်ခဲ့သူကတော့ ခြေလျင်ထွက်ပြေးသွားပြီး အခုအချိန်အထိ လွတ်မြောက်နေကာ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

ဘာစီလိုနာ တိုက်ခိုက်မှုနဲ့ စပ်လျဉ်းပြီ လူ ၂ ယောက်ကို ဖမ်းဆီးထားပေမယ့် ကားမောင်းသူတော့ မပါသေးဘူး။

ဒါဟာ ဂျီဟဒ်ဝါဒီတွေရဲ့ တိုက်ခိုက်မှုလို့ စပိန် ဝန်ကြီးချုပ် မာရီယာနိုရာဟွိုင်းက ပြောပါတယ်။

အစ္စာလာမ်မစ်နိုင်ငံတော် အိုင်းဇက် (ISIS) လို့ ခေါ်ဆိုတဲ့ အဖွဲ့က သူတို့ရဲ့ စစ်သည် တယောက်က ဘာစီလိုနာတိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့တယ်လို့ ကြေညာထားပေမယ့် ကျူးလွန်ခဲ့သူတွေနဲ့ အိုင်းဇက် အဖွဲ့ တိုက်ရိုက် ဆက်သွယ်တာ ရှိခဲ့သလား၊ ဒါမှမဟုတ် အိုးဇက်ရဲ့ အစွန်းရောက် အတွေးအခေါ်တွေက လွှမ်းမိုးလှုံ့ဆော်ပြီး သူတို့ဘာသာ သူတို့ သီးခြား အကြမ်းဖက်ခဲ့တာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အာဏာပိုင်တွေဟာ ဘာစီလိုနာနဲ့ ကမ်ဘရေလ်မြို့က တိုက်ခိုက်မှုတွေကို ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ အဲလ်ကာနာမြို့က ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီးလည်း အရေးယူ ဆောင်ရွက်နေပါတယ်။ အဲဒီပေါက်ကွဲမှုက ဗုံးတလုံး ပြင်ဆင်နေတုန်း ပေါက်ကွဲသွားတာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ ဂျိုးဆက်လူဝီထရပဲရိုးက ပြောပါတယ်။

အခု နှစ်ပိုင်းထဲမှာ အလွယ်တကူ လက်လှမ်းမီ အသုံးပြုလို့ရတဲ့ မော်တော်ကားကို အသုံးပြုပြီး လွယ်ကူပစ်မှတ်ဖြစ်နေတဲ့ လမ်းသွားလမ်းလာတွေကို အကြမ်းဖက် တိုက်ခိုက်တာတွေ ဥရောပတိုက် တဝှမ်း ပြင်သစ်၊ ဆွီဒင်၊ ဂျာမနီနဲ့ ဗြိတိန် နိုင်ငံတွေမှာ ဖြစ်ပွားခဲ့ပါတယ်။

အခု နောက်ဆုံး စပိန်မှာ တိုက်ခိုက်ခံခဲ့ရလို့ ဒါဟာ အကြမ်းဖက်သမားတွေ အသုံးများလာတဲ့ ပုံစံသစ်တိုက်ခိုက်မှု ဖြစ်လာသလို သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ဒီအတွက် ကြိုတင်ပြင်ဆင် လုံခြုံရေး တင်းကျပ်တာတွေ ရှိခဲ့ပေမယ့် ထိထိရောက်ရောက် လုံးလုံးလျားလျား အကာအကွယ်ပေးနိုင်တာမျိုးတော့ မရှိသေးဘူးလို့ ဘီဘီစီရဲ့ လုံခြုံရေးဆိုင်ရာ သတင်းထောက် ဂေါ်ဒွန်ကိုရီရာက သုံးသပ်ထားပါတယ်။

ဘီဘီစီ တဝန်း