တပ်သိမ်းလယ်မြေ ပြန်ရရေး တောင်သူတွေ ဆန္ဒပြ

  • 18 ဩဂုတ် 2017
Image caption ပေါက်မြို့က တောင်သူတွေ ဆန္ဒပြ

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်မှာ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၄ က သိမ်းထားတဲ့ယာမြေဧက ၃သောင်းကျော်ပြန်ရရေးနဲ့ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ ဧရိယာ လျှော့ချရေးအတွက် ပေါက်မြို့ပေါ်မှာ တောင်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။

ပေါက်မြို့နယ်က မျှားပိုင်း ၊ခင်အေး၊ ထန်းပင်ချောင်း၊ ရေဖြူ၊ ညောင်ကိုင်း စတဲ့ ကျေးရွာ ၁၃ရွာက ယာမြေဧက ၃သောင်း ၈ထောင် နီးပါးမှာ စီမံကိန်း မလုပ်တဲ့မြေတွေ ပြန်ပေးဖို့နဲ့ ဖြတ်သန်း သွားလာ ခွင့်မပြုကြောင်း သတ်မှတ်ထားတဲ့ ဧရိယာတွေ လျှော့ချဖို့ စတဲ့အချက် ၁၀ ချက်ကို တောင်သူ လေးရာကျော် က ပေါက်မြို့ပေါ်မှာ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

သူတို့ပိုင်မြေတွေ ပေါ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး သူတို့ယာခင်းတွေကို တပ်က စိုက်စားနေတယ် ၊ အဲဒီအတွက် သူတို့မှာ လုပ်ကိုင်စရာမရှိ စား၀တ် နေရေး ခက်ခဲနေတဲ့ အတွက် ဆန္ဒပြရတာလို့ မျှားပိုင်းရွာသား ကိုခင်မောင်ဆန်းက ပြောပါတယ်။

ဒါ့အပြင် ၂၀၁၅ တုန်းက တကြိမ် အခုလို ဆန္ဒ ထုတ်ဖော်ခဲ့ဖူးပြီး ဒီတခါတော့ ဒုတိယ အကြိမ် ဖြစ်တယ် ၊ တကယ်လို့ တောင်းဆိုချက် မရဘူး ဆိုရင် ဆက်လက် ဆန္ဒပြသွားမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

သူတို့ပိုင်တဲ့မြေတွေ အပါအဝင် စားကျက်မြေတွေကို ၂၀ဝ၇ ခုနှစ်က ကပစ ၂၄ က အလံ စိုက်သိမ်းယူပြီး ဖြတ်သန်း သွားလာခွင့်မပြု ဆိုင်းဘုတ်တွေ စိုက်ထူထားတာကြောင့် ဒီဧရိယာထဲမှာရှိတဲ့ ကျေးရွာချင်းဆက် လမ်းတွေပါ သုံးမရတော့လို့ လုပ်ကိုင်စားသောက်ရတာ ခက်ခဲနေကြောင်း တောင်သူတွေ ကပြောကြပါတယ်။

ဒီကိစ္စဟာ အင်မတန် ထိလွယ် ရှလွယ် ဖြစ်ပြီး မြေစစ်ကော်မတီ ဥက္ကဋ္ဌ ဒု သမ္မတ ဟင်နရီ ဗန်ထီးယူ ဆီကို ပေါက်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်က အသေးစိတ် တင်ပြထားသလို ဥက္ကဋ္ဌ ကိုယ်တိုင်က သေချာ မှတ်ယူသွားတာကြောင့် တစုံတရာ ဖြေရှင်းပေးလိမ့်မယ်လို့ ထင်မိကြောင်းနဲ့ ဒါကို ဗဟို အဆင့်က ကိုင်တွယ်မယ်လို့ ထင်ကြောင်း မကွေးတိုင်း လယ်စစ်ကော်မတီဝင် ဦးအောင်ကျော်ကျော် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကပစ စက်ရုံ ၂၅ ခုရှိတဲ့အနက် မကွေးတိုင်းအတွင်းမှာ ကပစ စက်ရုံဟာ ၂၄ ခုရှိပြီး ဒီစက်ရုံတွေက သိမ်းထားတာ ယာမြေ ဧကပေါင်း ၃သိန်းခွဲလောက် ရှိတယ်လို့လည်း ဦးအောင်ကျော်ကျော်က ပြောပါတယ်။

ဒီထဲက မြိုင်မြို့နယ်မှာရှိတဲ့ ကပစ စက်ရုံဟာ ဖျက်သိမ်းမှာဖြစ်တဲ့အတွက် မကြာခင် ဒီမြေတွေတောင်သူတွေလက် ပြန်ရဖို့ရှိတယ်လို့ လည်း သိရပါတယ်။

ခု တောင်သူတွေတောင်းဆိုတဲ့ ကပစ ၂၄ စက်ရုံအကြောင်းကို လျှို့ဝှက် ဓါတု လက်နက်စက်ရုံဆိုပြီး သတင်း ရေးသားခဲ့တဲ့ ယူနတီဂျာနယ်က သတင်းသမားတွေကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားတယ်ဆိုတဲ့ ပုဒ်မနဲ့ ထောင်ဒဏ်၁၀ နှစ် အပြစ်ပေးခဲ့ရဖူး ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ