နောက်ဆုံး အစီရင်ခံစာ သမ္မတထံ အာနန် ပေးအပ်

  • 23 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Myanmar President Office
Image caption ရခိုင် အကြံပေး ကော်မရှင် ဥက္ကဌ ကိုဖီ အာနန် က သမ္မတထံ နောက်ဆုံး အစီရင်ခံစာ ပေးအပ်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ လည်းဖြစ် ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း လည်းဖြစ်တဲ့ မစ္စတာ ကိုဖီအာနန် နဲ့ အကြံပေး ကော်မရှင် အဖွဲ့ ဟာ သြဂုတ်လ ၂၃ ရက်နေ့ မနက် က နေပြည်တော် ကို ရောက်ရှိလာခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးထင်ကျော် နဲ့ တွေ့ဆုံကာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အကြံပြုစာကို ပေးအပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အကြံပြုထားတဲ့ အခု အစီရင်ခံစာဟာ နောက်ဆုံး အစီရင်ခံစာဖြစ်ပြီး သူတို့ ကော်မရှင်ရဲ့ကြားဖြတ်အစီရင်ခံစာကို တော့ ၂၀၁၇ နှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ ကိုဖီ အာနန်နဲ့ အဖွဲ့ ဟာ ဒီအကြံပြု အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ကို ပေးအပ်ခဲ့သလို ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် လေးယောက်နဲ့ တွေ့ဆုံပြီး သူရဲ့ အစီရင်ခံစာကို ရှင်းပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ပြဿနာတွေဟာ ဒီအတိုင်း ရှောင်လွှဲ သွားလို့ မရဘဲ ဒါတွေကို ချန်ထားခဲ့ရင် နောက်မှ ကိုင်တွယ်တဲ့ အခါ ခက်ခဲသွားလိမ့်မယ်လို့ ဆိုကြောင်း မစ္စတာ အာနန် ရှင်းပြတဲ့ အချက်တွေနဲ ပတ်သက်လို့ တောင်ကုတ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့် က ပြန်ပြောပြပါတယ်။

ရခိုင်ပြည်နယ်မှာ ဝန်ဆောင်မှု လုပ်ငန်းတွေ ၊ ခရီးသွားလုပ်ငန်းတွေ နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ ဆိုရင် နယ်မြေ တည်ငြိမ် အေးချမ်းဖို့ လိုတာကြောင့် ဒါကို အဓိက လုပ်ဆောင်ဖို့ လိုတယ်လို့ သူရဲ့ အကြံပြုစာမှာ အစိုးရကို တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူ့ အဖွဲ့အစည်း ၂ ခုကြားမှာ တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောဖြစ်လာအောင် အရပ်ဖက် အဖွဲ့အစည်းတွေ ၊ အစိုးရ အဖွဲ့ အသီးသီးနဲ့ လွှတ်တော် ကိုယ်စားလှယ် တွေဟာ အောက်ခြေ အဆင့်ဆင့်ကနေ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ထောက်ပြ ထားပါတယ်။

နယ်မြေတည်ငြိမ် အေးချမ်းဖို့ တပ်မတော် ၊ အစိုးရနဲ့ ပြည်သူတို့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ သူရဲ့ အစီရင်ခံစာထဲမှာ ပါရှိပါတယ်။

ဒီအစီရင်ခံစာထဲ ပါတဲ့ တချို့ အချက်တွေဟာ လက်တွေ့ ဖြစ်နေတာတွေ ဖြစ်တဲ့ အတွက် လက်ခံရမှာဘဲလို့ တောင်ကုတ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့် က ပြောပါတယ်။

ရခိုင်မှာ အဓိက က စီးပွားရေးနဲ့ ပညာရေး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ လိုနေပြီး မစ္စတာ အာနန် ကိုယ်တိုင်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း တယောက် ဖြစ်ခဲ့သလို ၊ ပဋိပက္ခတွေကို နိုင်ငံတကာနဲ့ ကြား၀င် ဖြေရှင်းပေးခဲ့ဖူးသူ တယောက် ဖြစ်တာကြောင့် နိုင်ငံတကာမှာ ရခိုင် အရေးကို မှန်မှန်ကန်ကန်နဲ့ ချပြပေးဖို့ ဆိုတာကို ဒီအစီရင်ခံစာမှာ ထည့်သွင်းထားတဲ့ အတွက် ဒါကို ကြိုဆိုတယ်လို့လည်း ဒေါ်နီနီမြင့်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒေါက်တာ ကိုဖီ အာနန် ခေါင်းဆောင်တဲ့ ရခိုင် အကြံပေး ကော်မရှင် အဖွဲ့ရဲ့ ကြားဖြတ် အစီရင်စာထဲမှာ ပါတဲ့ အကြံချက်ပြုချက်တွေကို အစိုးရ က စတင် အကောင်အထည် ဖော်နေတာ တွေ့ရပါတယ်။

မစ္စတာ အာနန်ဟာ သြဂုတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဖို့ ရှိပြီး ညနေပိုင်းမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ပြုလုပ်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ