ပဲတင်သွင်းခွင့် ပိတ်ခံရတာ MoU ချုပ်ဖို့ ငြင်းခဲ့လို့ဆို

  • 29 ဩဂုတ် 2017
Image caption မြန်မာ့ပဲထွက်ကုန်ဟာ အိန္ဒိယဈေးကွက်ကိုအဓိကတင်ပို့နေတာဖြစ်

အိန္ဒိယက ပဲသုံးမျိုးကို တင်သွင်းခွင့်ကန့်သတ်လိုက်တာဟာ မြန်မာပဲကုန်သည်တွေဘက်က MOU ချုပ်ဖို့ သဘော မတူခဲ့လို့ ဖြစ်တယ်လို့ သြဂုတ်လ ၂၈ ရက်နေ့က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဒုသမ္မတ လစဉ် တွေ့ဆုံပွဲမှာ ရန်ကုန် တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်။

နားလည်မှုစာချွန်လွှာ MOU ကို ထိုးဖို့အတွက် ၂၀၁၆ ခုနှစ်က အိန္ဒိယက မြန်မာနိုင်ငံကို အချက်သုံးချက်နဲ့ ကမ်းလှမ်းခဲ့ ပါတယ်။ ဒီကမ်းလှမ်းချက်ထဲမှာ အစိုးရအချင်းချင်း MOU ချုပ်ဆိုရန်၊ စာချုပ်ထဲက ဝယ်ယူရမယ့် ပမာဏ မရခဲ့ရင် နိုင်ငံတော် သိုလှောင်တဲ့အထဲက ရောင်းချပေးရန်နဲ့ ပဲဈေးကို ကာလ ပေါက်ဈေးအတိုင်း မဟုတ်ဘဲ တောင်သူတွေ စိုက်ပျိုးထုတ်လုပ်တဲ့ စရိတ်ကို အမြတ်တခု ပေါင်းပီး ဝယ်ယူရန်တို့ ပါရှိပါတယ်။ဒီအချက်တွေကို ညှိနှိုင်းဖို့ ကြိုးစား ခဲ့ပေမယ့် မြန်မာကုန်သည်တွေက အလျှော့မပေးတဲ့အတွက် စာချုပ်မချုပ် ဆိုနိုင်ခဲ့ဘူးလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်း က ပြောကြားခဲ့ပါတယ်။

အခုလို အိန္ဒိယက မူဝါဒပိုင်း မပြင်ဆင်ဘဲ ဆက်လက်ပီး ပိတ်ပင်ထားမယ် ဆိုရင် တော့ ပဲကုန်သည်တွေ ဘက်က နစ်နာမှုရှိနိုင်ပါတယ်။ အခုမြန်မာပဲကုန်သည်တွေ ရင်ဆိုင်နေရတဲ့ပြဿနာကို ဖြေရှင်းဖို့ ကြိုးစား နေပေမယ့် အခက်အခဲရှိတယ်ဆိုပြီး မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဲတင်ပို့မှု အများဆုံး သုံးနိုင်ငံထဲက တခုအပါအဝင်ဖြစ်ပါတယ်။ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစဉ်းငုံ သုံးမျိုးကတော့ အိန္ဒိယ ဈေးကွက်အပေါ် အဓိက အားထားနေရတာ ဖြစ်တဲ့ အတွက် အခုလို ကန့်သတ်မှုက မြန်မာပြည်က ပဲကုန်သည်တွေ အတွက် ကြီးမားတဲ့ရိုက်ခတ်မှုကို ရင်ဆိုင် နေရပါတယ်။