အဖမ်းခံသတင်းသမားကိစ္စ လူ့အခွင့်အရေး ကော်မရှင် ၀င်ရောက်စွက်ဖက်လို့ မရ

  • 30 ဩဂုတ် 2017
Image caption ထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေ

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးခံထား ရတဲ့ သတင်းသမား တွေနဲ့ တွေ့ဆုံပြီးနောက် ကာကွယ်ရေး ဝန်ကြီးဌာနကို စာပေးပို့ တင်ပြထားပါတယ်။

ဒီကိစ္စမှာ သတင်းသမားတွေ အနေနဲ့ သတင်းသွားယူတာကို ဖမ်းတာ ဆိုရင်တော့ မဖြစ်သင့်ဘူး ၊ ဒါပေမယ့် သောင်းကျန်းသူနဲ့ ဆက်သွယ်ထားတာ ၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်နိုင်တဲ့ အထောက်အထား တွေ့တယ် ဆိုရင်တော့ ကန့်ကွက်စရာ မရှိဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးယုလွင်အောင် က ပြောပါတယ်။

ဒါ့အပြင် လက်ရှိ အခြေအနေမှာ အမှုက တရားရုံး ရောက်နေပြီ ဖြစ်တဲ့ အတွက် သူတို့ အနေနဲ့ ၀င်ရောက် စွက်ဖက် စစ်ဆေးတာ လုပ်လို့ မရတော့ဘူး လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ သတင်းသမားတွေကို သွားရောက်တွေ့ဆုံစဉ်က သတင်းထောက်တွေဟာ သတင်းသမားအလုပ်ကိုသာ လုပ်ခဲ့တာ မှန်ရင် ပြန်လွှတ်ပေးဖို့ အတွက် တပ်မတော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို မေတ္တာရပ်ခံစာ ပေးပို့သွားမယ်လို့ အရင် ကပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကော်မရှင် အနေနဲ့သက်သေ အထောက်အထားတွေကို ကြည့်ခွင့်မရခဲ့သလို တပ်ဖက်ကို မေးမြန်းခွင့်မရခဲ့တာကြောင့် မှန်မမှန် မဆုံးဖြတ် နိုင်တဲ့အတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုတာမျိုးကို မလုပ်နိုင်တာပါလို့ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့၀င် ဦးယုလွင်အောင် က ပြောပါတယ်။

လူ့အခွင့်အရေးကော်မရှင်အနေနဲ့ သတင်းသမားတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်တွေအပေါ် ဧရာဝတီ သတင်းဌာနက အယ်ဒီတာတစ်ဦးဖြစ်သူ ဦးကျော်စွာမိုး ကတော့ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အစပိုင်းတုန်းက ပြောကြားချက်တွေက အားရစရာ ကောင်းခဲ့သလို ထိန်းချုပ်ခံ သတင်းသမားတွေကို ထောင်ထဲအထိ သွားတွေ့ တာမျိုးတွေ လုပ်ခဲ့တယ် ၊ ဒါပေမယ့် သူတို့ အနေနဲ့ ဒီထက် ပိုပြီး အမှန်တွေကို သိချင် အကာအကွယ် ပေးချင်တယ် ဆိုရင်တော့ လိုအပ်တဲ့ အထောက်အထားတွေ ပိုရဖို့ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ထပ်တွေ့လို့ ရနိုင်ပါတယ်လို့ သူ့အမြင်ကို ပြောပြခဲ့ပါတယ်။

DVB နဲ့ ဧရာဝတီ သတင်းဌာန က သတင်းသမား ၃ဦးဟာ တအာင်းလွတ်မြောက်ရေးအဖွဲ့ TNLA နယ်မြေ မှာ ကျင်းပတဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပွဲကို သွားရောက်သတင်းယူခဲ့ရာမှာ မတရားအသင်းနဲ့ ဆက်သွယ်တယ် ဆိုပြီး တပ်မတော်ဘက်က ဖမ်းဆီး တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံ သတင်းသမား ၃ဦးရဲ့ ခြောက်ကြိမ်မြောက်ရုံးချိန်းကို လာမဲ့ စက်တင်ဘာ ၁ရက်နေ့မှာ စစ်ဆေး သွား မှာဖြစ်ပြီး အဲဒီနေ့မှာ အာမခံရဖို့ လျှောက်ထားတာကိုလည်း အမိန့်ချသွားဖို့ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ