စစ်ရေးအရ အရေးယူမှု အဆုံးသတ်ဖို့ အာရှမူဆလင် နိုင်ငံတွေ ပန်ကြား

  • 4 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ ရတ်နို အယ်လ်ပီ မာဆူဒီနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် တွေ့ဆုံ

မြန်မာ အစိုးရ အနေနဲ့ ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစုတွေ အပေါ် စစ်ရေးအရ အရေးယူမှုတွေ အဆုံးသတ်ဖို့ အာရှ တလွှားက မွတ်ဆလင် နိုင်ငံတွေက ပန်ကြား လိုက်ပါတယ်။

ပါကစ္စတန် ၊ မလေးရှား ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အင်ဒိုနီးရှား နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေက အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဒီနေ့ သြဂုတ်လ ၄ရက်မှာ မြန်မာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခကို မြန်ဆန်တဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့ ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ ရတ်နို အယ်လ်ပီ မာဆူဒီနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာမှာ ဆူပူမှုတွေ မပြီးငြိမ်းသေးတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေမှာ အမြန်ဆုံး တည်ငြိမ် ဘေးကင်းအောင် ဆောင်ရွက်ဖို့၊ အင်အား ကို အတတ်နိုင်ဆုံး ထိန်းသိမ်းပြီး ဖြိုခွဲဖို့၊ ဒီနယ်မြေမှာ နေကြသူ ဘယ်သူမဆိုကို လူမျိုး ဘာသာ မခွဲဘဲ ကာကွယ် စောင့်ရှောက်ဖို့ နဲ့ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အမြန် အကောင်အထည် ဖော်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားရဲ့ ကူညီ ထောက်ပံ့မှုတွေကိုလည်း အရင်လိုပဲ မြန်မာ အစိုးရနဲ့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့တွေကနေ ဆက်ပြီး ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် ကို ခရီးဆက်ပြီး ဒီပဋိပက္ခအရေးနဲ့ ကယ်ဆယ်ရေး ကိစ္စတွေ ဆွေးနွေးမယ် လို့လည်း ပြောပါတယ်။

တခါ လူနည်းစု ဖြစ်တဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်ဟီးလီ က ဝေဖန် ပြောကြားလိုက်ပါတယ်။

နိုင်ငံခေါင်းဆောင် တယောက် အနေနဲ့ ဒီကိစ္စကို ဝင်ရောက် ဖြေရှင်းပေးစေလိုပြီး ခက်ခဲတဲ့ အခြေအနေ နှစ်ဖက်ကြား ရောက်နေပေမယ့် သူ့အနေနဲ့ ထွက်ပြောရမယ့်အချိန် ရောက်နေပါပြီလို့ ရန်ဟီးလီ က ပြောပါတယ်။

ရိုဟင်ဂျာတွေက သူတို့အိမ်ကို သူတို့ မီးရှို့ ခဲ့တယ်လို့ ဆိုတဲ့ မြန်မာ တပ်မတော်ရဲ့ ပြောကြားချက်ကို ယုံဖို့ တကယ့်ကို ခက်ပါတယ်လို့ မစ္စလီး က ပြောပါတယ်။

တချိန်တည်းမှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့် ရရေးအတွက် တက်ကြွ လှုပ်ရှားနေသူ တယောက် ဖြစ်တဲ့ မာလာလာ ယူဆွတ်ဖ်ဇိုင် ကလည်း အကြမ်းဖက်မှုအပေါ် ပြစ်တင်ရှုတ်ချတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုန့်ပြန်ချက်ကို စောင့်နေတယ်လို့ သူ့ရဲ့ တွတ်တာ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

မာလာလာ ဟာ ဒေါ်အောင်ဆန်း စုကြည်လိုဘဲ နိုဗယ် ငြိမ်းချမ်းရေးဆု ရထားသူ တယောက် ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ဆက်ဆံမှုဟာ ၀မ်းနည်းဖွယ် ဖြစ်ပြီး ရှက်စရာလည်း ကောင်းတယ်လို့ မာလာလာ က ပြောပါတယ်။

မြန်မာ နိုင်ငံဖက်ကနေ ရိုဟင်ဂျာတွေ ဆက်လက် ထွက်ပြေးလာနေတာကြောင့် ဘင်္ဂလားဒေ့ရှ် က အဓိက ဒုက္ခသည်စခန်းတခုမှာ လူတွေ ပြည့်ကျပ်နေသလို နောက်စခန်းတခုမှာလည်း ဒီနေ့ဆိုရင် သတ်မှတ် အရေအတွက် ပြည့်သွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ UNHCR က ပြောပါတယ်။

ပြီးခဲ့တဲ့ ဆယ်ရက်အတွင်း ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ မနှစ်က တနှစ်လုံး ပြေးလာတဲ့ အရေအတွက်ထက် ပိုများပြီး ကိုးသောင်းနီးပါး ရှိတယ်လို့ ကုလသမဂ္ဂ က ဆိုပါတယ်။

အခု ရောက်လာသူတွေထဲက တချို့ဟာ အားနည်းနေပြီး ရက်အတန်ကြာ အစာ မစားရသူတွေ ပါတယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ဒုက္ခသည်တွေ အနေနဲ့ စာသင်ကျောင်းတွေ မဒရပ်ဆာ ဆိုတဲ့ အစ္စလာမ် ဘာသာရေး ကျောင်းတွေနဲ့ အများနဲ့ဆိုင်တဲ့ နေရာတွေမှာ အိပ်ပြီး လမ်းလျှောက်လာရတယ်လို့ တချို့ ဆိုရင် လမ်းဘေး တလျှောက်မှာ စခန်းချ နေထိုင်နေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ