ဒုက္ခသည်တွေ တိုးလာလို့ အကူအညီလိုအပ်နေ

  • 13 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ၄ သိန်းလောက်ရှိလာ

မြန်မာနိုင်ငံဘက်က ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် လေးသိန်းလောက်အတွက် အကူအညီ အထောက်အပံ့တွေက လုံလောက်မှုမရှိဘူးလို့ ကုလသမဂ္ဂ အဆင့်မြင့် အရာရှိကြီးတဦးက ပြောပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က အဆင့်မြင့်အရာရှိ ဂျော့ ဝီလျံ အိုကို အိုဘိုက ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတခုကို ရောက်ရှိစဉ် ပြောကြားခဲ့တာဖြစ်ပြီး ထောက်ပံကူညီနေတဲ့ အဖွဲ့တွေအနေနဲ့ ကူညီရေးကို အရှိန်မြှင့် ဆောင်ရွက်ကြဖို့ သူက တိုက်တွန်းခဲ့အပါတယ်။

နောက်ပြီး ဒုက္ခသည်တွေကို ကူညီဖို့ လိုအပ်တဲ့ ငွေကြေးပမာဏကလည်း အဆမတန် များပြားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂက ဒေါ်လာ ၇၇ သန်း လိုတယ်လို့ မူလက မေတ္တာရပ်ခံခဲ့ပေမယ့် အဲဒါဟာ လွန်ခဲ့ ၂ ပတ်က အရေအတွက်ကို အခြေခံခန့်မှန်းခဲ့တာဖြစ်ပါတယ်။

အခုအခါ ဒုက္ခသည်အရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ်ပတ်ကထက် ၄ ဆတိုးလာခဲ့တယ်လို့ မစ္စတာ အိုဘိုက ပြောပါတယ်။