ရိုဟင်ဂျာ အရေးကနေ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်လာနိုင်တယ်လို့ ကုလ သတိပေး

  • 14 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက် က

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ မြန်မာ့အရေး နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့ အခါ မှာ အခု ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းစေရေး အတွက် တိုးမြှင့် ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက် က နှိုးဆော် လိုက်ပါတယ်။

မြန်မာ လုံခြုံရေးတပ်တွေကို စတင် တိုက်ခိုက်တာနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှု တွေကို ရှုတ်ချကြောင်းလည်း သူက ပြောပါတယ်။

မြန်မာ အာဏာပိုင်တွေ အနေနဲ့ လုံခြုံရေး အတွက် စစ်ဆင်ရေး ပြုတဲ့ နေရာမှာ လိုအပ်တာထက် စစ်အင်အား သုံးစွဲမှု အပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်းနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့ ၊ ဥပဒေ စိုးမိုးမှု ပြန်လည် တည်ဆောက်ဖို့ နဲ့ အရပ်သားတွေ ကို ကာကွယ်ဖို့ အပြင် ဒုက္ခသည် အရေး ဖြေရှင်းရေး တွေပါ လုံခြုံရေး ကောင်စီ ရဲ့ ကြေညာချက် မှာ ပါဝင်ပါတယ်။

နောက်ပိုင်း ခေါ်ယူတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက် က ရိုဟင်ဂျာ မွတ်ဆလင်တွေ ဟာ လူမှု ကပ်ဘေးဒုက္ခ နဲ့ ရင်ဆိုင်နေရတယ် လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ဘက် က ထွက်ပြေးလာကြတဲ့ ဒုက္ခသည် သုံးသိန်း ရှစ်သောင်း ကျော် အထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေ ပါဝင်ကြပြီး စားနပ်ရိက္ခာ လည်း ပြတ်လပ်နေကြလို့ အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ ပံ့ပိုးကြပါ လို့ သူက တိုက်တွန်းလိုက်ပါတယ်။

မြန်မာ လုံခြုံရေး တပ်တွေကို ဝင်တိုက်တဲ့ Arakan Rohingya Salvation Army ( ARSA ) ကိုလည်း ပြစ်တင် ရှုတ်ချကြောင်း သူ ကပြောပါတယ်။

တပ်မတော် ကတော့ လက်ရှိ ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးမှာ စစ်သွေးကြွ တွေကို တိုက်နေတာသာ ဖြစ်ပြီး အရပ်သားတွေ ကို ပစ်မှတ်ထားတာ မဟုတ်ဘူး လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကလည်း ရှုတ်ချခဲ့ပြီး ဒီအကြမ်းဖက်မှုတွေ အဆုံးသတ် သွားအောင် အရေးယူ ဆောင်ရွက်မှုတွေ အမြန်လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ