လုံခြုံရေးအတွက် ပြည်တွင်းဒုက္ခသည်တွေ စိုးရိမ်နေ

  • 15 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် MOI
Image caption စက်တင်ဘာ ၁၂ ရက်တုန်းက နေရပ်ပြန် ဒုက္ခသည်တွေ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျော့နည်းလာပြီး တည်ငြိမ်မှု ပြန်လည် ရရှိလာတဲ့ အတွက် နေ့ရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေသူတွေကို မူလနေရပ်တွေဆီ ပြန်လည် ပို့ဆောင် ပေးနေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တစ်ခုမှာဆိုရင် မောင်တော ၊ ရသေ့တောင်၊ ဘူးသီးတောင်က ကျေးရွာ ၂၅ ရွာက လူ လေးထောင် ကျော်ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ ပြောပါတယ်။

တကယ်တော့ မောင်တောမြို့ပေါ်ကို ရွာတွေကနေ ထွက်ပြေးလာသူတွေမှာ စိုးရိမ်စိတ် အပြည့် ရှိနေဆဲ ဖြစ်ပြီး တိုက်ခိုက်သူတွေထဲမှာ သူတို့နဲ့ ရင်းနှီးသူ ၊ မျက်မှန်းတန်းမိသူတွေ နဲ့ အိမ်နီးချင်းတွေ ပါနေတာ တွေ့ရလို့ ဘယ်သူ့ ကိုမှ မယုံရဲတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ မကြာခင်ကပဲ အဲဒီဒေသကနေ ပြန်လာတဲ့ နိုင်ငံခြားသတင်းဌာန တစ်ခုက သတင်းထောက် ကိုသီဟ က ပြောပါတယ်။

မွတ်ဆလင် အများစု ရှိရာ ရွာတွေမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေက မပြန်ရဲကြဘူးလို့ သတင်းထောက်တွေကို ပြောတာကြောင့် လုံခြုံရေး အတွက် တိကျခိုင်မာတဲ့ အာမခံချက် လိုတယ်လို့ သူက ဆိုပါတယ်။

သတင်းထောက်တွေ ရောက်သွားချိန်မှာ တချို့ရွာတွေမှာ အိမ်တချို့ မီးလောင်ထားတာ တွေ့ရသလို မီးမလောင်ဘဲ ကျန်နေတဲ့ အိမ်တွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

လူတွေကတော့ တဖက် နိုင်ငံဆီ သွားနေတာ တွေ့ရသလို တဖက်ကမ်းကို ကြည့်လိုက်ရင်လဲ တဲတွေထိုး နေထိုင်နေတာ တွေ့ရတယ်လို့ သူက ရှင်းပြပါတယ်။

လက်ရှိ အနေအထားမှာ မတူညီတဲ့ လူ့အဖွဲ့အစည်း နှစ်ခုကြား ပဋိပက္ခ ဖြစ်သွားတဲ့ အခြေအနေမျိုး ရောက်သွားခဲ့တာမို့ မွတ်ဆလင်တွေ အနေနဲ့ ရခိုင်ရွာက ဖြတ်သွားတာဘဲ ဖြစ်ဖြစ် ရခိုင်တွေက မွတ်ဆလင် ရွာကနေ ဖြတ်သွားတာမျိုးဘဲ ဖြစ်ဖြစ် စိုးရိမ်မှုတွေ ရှိလာတဲ့ အနေအထား ရောက်နေတာကြောင့် စိတ်ချရတဲ့ အကာအကွယ် နဲ့ လုံခြုံရေး အစီအမံတွေကတော့ တကယ့်ကို လိုအပ်နေပြီလို့ ကိုသီဟက ပြောပါတယ်။

လတ်တလော ဖြစ်ခဲ့တဲ့ ပဋိပက္ခ အတွင်း ထွက်ပြေးလာသူတွေရဲ့ ပြောပြချက်အရ အကြမ်းဖက်မှု အတွင်း အသတ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင် ၁၀ဝ ကျော်ရှိတာကြောင့် သူတို့လည်း နေရပ်ပြန်ဖို့ ထိတ်လန့်နေကြပါတယ်။

အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မောင်တောဒေသမှာ တည်ငြိမ်မှု ပြန်လည်ရရှိနေလို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ လူနည်းစုဟိန္ဒူဘာသာဝင်တွေကို မူလနေရပ်ပြန်ကြဖို့ အာဏာပိုင်တွေက ပြောဆိုတာတွေရှိနေပေမယ့် ပြန်ကြရမယ်ဆိုရင်လည်း လုံခြုံရေးကြောင့် ဟိန္ဒူဘာသာဝင်တွေချည်းပဲ သီးသန့်နေထိုင်ကြဖို့ သူတို့က ဆန္ဒရှိနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ