ကက်တလိုးနီးယား ခွဲထွက်ရေး ခေါင်းဆောင်တွေ ခြိမ်းခြောက်မှုကို အံတုနေကြ

  • 16 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗဟိုအစိုးရ တားမြစ်ချက် ကို အာခံနေကြတဲ့ ကက်တလန်အုပ်ချုပ်ရေးမှူးတွေ

စပိန်နိုင်ငံ ကက်တလိုးနီးယား ဒေသ ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ လုပ်မယ့် လှုပ်ရှားမှု ကို ဦးဆောင်နေကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ ဗဟိုအစိုးရရဲ့ တားမြစ်မှုတွေ၊ အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ကို အာခံနေကြပါတယ်။

ကက်တလိုးနီးယား ဒေသ က စပိန်နိုင်ငံ အရှေ့မြောက်ဖက်မှာ ရှိတယ်၊ ကော့စတာ ဘရာဗာ ကမ်းခြေ ၊ တခါ ပီရီးနီးတောင်တန်းတွေ နဲ့ ကျော်ကြားတဲ့ နယ်မြေပါ။

ဒေသ ရဲ့မြို့တော်က ဘာစီလိုနား ပါ၊ ကက်တလန် ဘာသာစကားပြောတဲ့ ဒီဒေသမှာ လူပေါင်း ၇ သန်းခွဲကျော်နေထိုင်ကြပါတယ်။

စပိန်နိုင်ငံကနေ လွတ်လပ်စွာခွဲထွက်ကာ သီးခြားနိုင်ငံ ထူထောင်ဖို့ လှုပ်ရှားခဲ့ကြတာ နှစ်အတော်ကြာလာပြီ ဖြစ်သလို အရှိန်လည်း မြင့်လာနေပြီး လာမယ့် အောက်တိုဘာ လ ၁ ရက်နေ့မှာ ခွဲထွက်ရေး လုပ်မလုပ် လူထုဆန္ဒခံယူမယ် ဆိုတဲ့ ကက်တလိုးနီးယား ဒေသ အစိုးရ က လှုပ်ရှားမှု လုပ်နေ ရာမှာ စပိန် အစိုးရ က ဒါဟာ ရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ဘယ်လိုမှ မကိုက်ညီ ဘူးဆိုပြီး လူထုဆန္ဒခံယူပွဲ ကို ပယ်ချ ထားပါတယ်။

လူထုဆန္ဒခံယူပွဲကိုထောက်ခံနေ ကြတဲ့ ကက်တလိုးနီးယား ဒေသ က အုပ်ချုပ်ရေးမှူး ၇၀၀ ကျော်ကိုလည်း တရားလိုရှေ့နေတွေရဲ့ မေးခွန်းတွေ ကို လာရောက် ဖြေကြားဖို့ ဆင့်ခေါ်ထားပါတယ်။

တကယ်လို့ မလာ ဘူးဆိုရင် ဖမ်းဆီး တာတွေ ဆက်လုပ်လာနိုင်ပါတယ်။

ကက်တလန် ဒေသ အစိုးရ ရုံးချုပ်အဆောက်အဦ ဖြစ်တဲ့ ဂျယ်နရယ် လီတတက် နန်းတော် မှာတော့ ဆင့်ခေါ်ခံထားရတဲ့ အုပ်ချုပ်ရေးမှူး တချို့ရောက်ရှိနေသလို နန်းတော်ပြင်ပမှာ လည်း အဲဒီ အုပ်ချုပ်ရေးမှူး ၇၀၀ ကျော်ကို ထောက်ခံအားပေးကြတဲ့ လူစုလူဝေး ကြီး က စုရုံးလို့ပါ။

သူတို့က ငါတို့မဲထည့်မယ် လို့ သံပြိုင်ဟစ်ကြွေးကြ၊အမျိုးသားရေးသီချင်းတွေ သီဆိုကြနဲ့ပါ။

ကက်တလန် အမျိုးသား အလံတွေလည်း သူတို့ ဝှေ့ယမ်းကြနဲ့ပါ။

ကက်တလန် သမ္မတ ကားလက်စ် ပူဂျန်မွန့် က ခြိမ်းခြောက်မှုတွေ ၊ တရားစွဲမှုတွေ ကို ခိုင်ခိုင်မာမာ ရင်ဆိုင်တုန့်ပြန်မယ်၊ ငါတို့ဟာ လွတ်လပ်တဲ့ နိုင်ငံ ကို လိုချင်ကြတာ ဆိုတဲ့ သတင်းစကား ကို ပါးနေကြောင်း လည်း သိရပါတယ်။

ဘာစီလိုးနား အုပ်ချုပ်ရေးမှူး မစ္စ အဒါ ကိုလာအို နဲ့ သမ္မတ ကားလက်စ်တို့ ထောက်ခံ ဆန္ဒပြနေကြတဲ့ လူတွေကြားမှာ ဆုံတွေ့ နေကြတာကိုလည်း တွေ့ရပါတယ်။

ဆန္ဒပြပွဲကို ရောက်လာတဲ့ အုပ်ချုပ်ရေးမှူးတွေထဲ တယောက်ဖြစ်တဲ့ မစ္စ မာတာ မက်ဒရာနက်စ် က ကျမတို့နောက်မဆုတ်မှာကတော့ အသေအချာပဲ၊ ငြိမ်ခံနေမှာလည်း မဟုတ်ဘူး၊ ကျမတို့လူထု ဒီမိုကရေစီ ကိုကျင့်သုံးနိုင်အောင် မဲပေးနိုင်အောင် လိုအပ်တာမှန်သမျှ လုပ်သွားမယ်၊ ကက်တလိုးနီးယား ထာဝရ ရှင်သန်ရမယ် လို့ ပြောပါတယ်။

ဘာစီလိုနား အနောက်ပိုင်း ဒေသတခုက အုပ်ချုပ်ရေးမှူး အန်တိုနီ ဖယ်ရာလော့ ကလည်း ဒီလှုပ်ရှားမှု အတွက် သိပ်ကို စိတ်လှုပ်ရှား တက်ကြွနေကြောင်းနဲ့ နောက်ရက်ပိုင်းတွေ ဆိုရင် ပိုပြီး စိတ်လှုပ်ရှား စရာတွေ ကြုံရမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

စပိန် ဗဟိုအစိုးရကတော့ ကက်တလန် တို့ တရားမဝင်တောင်းနေတဲ့ လူထုဆန္ဒခံယူပွဲကို စွန့်လွတ်ပါ၊ ၄၈ နာရီ အချိန်ပေးတယ်လို့ သောကြာနေ့ကတည်းက အမိန့်ထုတ်ထားတာပါ။

မလိုက်နာရင် ဒေသ အစိုးရ က ရနေတဲ့ ဘတ်ဂျက် ကို ကိုယ့်ဘာသာကိုယ် စီမံခန့်ခွဲခွင့်ပေးထားတဲ့ အာဏာ ကို ရုပ်သိမ်းခံမယ် လို့ ဆိုပါတယ်။

ခွဲထွက်ရေး ထောက်ခံသူတွေ က မဲပုံးပေါင်း ထောင်ချီလုပ်ထားပြီး အဲဒါတွေကို လျှို့ဝှက်သိမ်းထားကြပါတယ်။

စပိန်အာဏာပိုင်တွေ ကလည်း အဲဒါတွေ လိုက်ရှာ သိမ်းဆည်းဖို့ ကြိုးစားနေပေမယ့် အခုထိတော့ မအောင်မြင်သေးပါဘူး။