UNFCနဲ့ ငြိမ်းချမ်းရေးကော်မရှင် နောက်လတွေ့မယ်

  • 29 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် karen news
Image caption UNFC က ပြောရေးဆိုခွင့်ရသူ ဦးထွန်းဇော်

ငြိမ်းချမ်းရေး အတွက် တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ထဲ ပါဝင်နိုင်ဖို့ အစိုးရနဲ့ ညှိနှိုင်းနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ဟာ လာမယ့် အောက်တိုဘာ လထဲမှာ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တရားဝင် တွေ့ဆုံ သွားဖို့ ရှိပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က ကိုယ်စားလှယ်တချို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထိုင်းနိုင်ငံကို လာပြီး UNFC ရဲ့ နိုင်ငံရေး ဆွေးနွေးရေး အဖွဲ့ DPN နဲ့ကြား အကြိုလာညှိ ကြခဲ့တာမှာ နှစ်ဘက်ကြား မတူညီမှုတွေ ရှိနေဆဲ ဆိုတာ တွေ့ရပါတယ်။

အခု အနေအထားမှာ တပ်ရဲ့ သဘောက အဓိက ကျပြီး တပ်က နိုင်ငံတကာပါ၀င်မှုကို လက်မခံဘဲ သူတို့ ရပ်တည်ချက်က အရင်အတိုင်းဘဲ မပြောင်းလဲဘဲ ရှိနေတာ တွေ့ရတယ်လို့ ဦးထွန်းဇော် က ဆိုပါတယ်။

နိုင်ငံရေးပိုင်းမှာ ဆိုရင်လည်း မူဘောင်တို့ JMC သုံးသက်ချက် တို့မှာလည်း NCA လက်မှတ်ထိုးမှ ပါဝင် သုံးသပ်နိုင်မယ်လို့ ဆိုထားတာကြောင့် ဒီမူဝါဒရေးရာ ကျတော့ တပ်ရဲ့ သဘောက အရင်အတိုင်းဘဲ ဖြေလျှော့မှု မရှိဘဲ ကန့်သတ်ချက် ရှိနေပြီး NCA ပေါ်မှာ အသေရပ်နေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

ဒါတွေက နှစ်ဖက် ခေါင်းဆောင် တွေ့ပြီးမှ အဖြေထွက်နိုင်မှာ ဖြစ်ပြီး မြန်မာ့ တပ်မတော်ဖက်က အပြောင်းအလဲ မရှိဘဲ ဆွေးနွေးရင် ဆက်ပြီး အခက်အခဲတွေ ရှိနေအုံးမယ်လို့ မြင်ကြောင်း သူက ဆိုပါတယ်။

UNFC အနေနဲ့ အားလုံး ပါ၀င်ရေးကို လိုလားပြီး တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ်ထိုးတဲ့ အခါ တနိုင်ငံလုံး လွှမ်းခြုံတဲ့ အပစ်ရပ်ရေး ဖြစ်ဖို့ လိုပါတယ် ဒါကြောင့် မြောက်ပိုင်း အဖွဲ့တွေနဲ့ ပြေလည်မှု ရစေချင်သလို UNFC ရဲ့ မူဘောင် ကိုးချက်မှာ နံပါတ်တစ် အချက်က တနိုင်ငံလုံး အပစ်ရပ်ရေးကို အဆိုပြုထားတာ ဖြစ်တယ်လို့ ဦးထွန်းဇော် က ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေဟာ အကြမ်းဖက်မှုရဲ့ နောက်ဆက်တွဲ ပြဿနာ ဖြစ်တယ်လို့ တပ်ပေါင်းစု အဖွဲ့ ဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ပြောရေးဆိုခွင့်ရသူ ဦးထွန်းဇော် က ပြောပါတယ်။

ဒါဟာ အစွန်းရောက်တွေရဲ့ အကြမ်းဖက်ဝါဒ ကနေ ရိုက်ခတ်လာမှု ဖြစ်ပြီး ဒီရိုက်ခတ်မှုက ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် သက်ရောက်မှု ရှိတယ်လို့ သူက ဆိုပါတယ်။

UNFC အနေနဲ့ အကြမ်းဖက် ဝါဒကို မလိုလားဘဲ ဒီအကြမ်းဖက် ဝါဒကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ လိုတယ်ဆိုပေမယ့် အရပ်သားတွေကို မထိခိုက်ဖို့ လိုတယ် ၊ နိုင်ငံတကာ ကျင့်ထုံးတွေနဲ့ အတော့်ကို သတိထား ကိုင်တွယ်ရမှာ ဖြစ်သလို တော်တော်ကို သိမ်မွေ့ နက်နဲတာ တွေ့ရတယ်လို့ ဦးထွန်းဇော် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ