နိုင်ငံတကာ အပြစ်တင်နေချိန်မှာ လူထုထောက်ခံမှုပြ

  • 8 အောက်တိုဘာ 2017
Image caption မန္တလေးက လူထုထောက်ခံပွဲ

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်းက မြို့ကြီးတချို့မှာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ NLD ပါတီတို့ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ လူထုထောက်ခံပွဲတွေကို ပြုလုပ်လာပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်မြောက်ပိုင်း အကြမ်းဖက်မှုအပေါ် ဖြေရှင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်ပြစ်တင်လာမှု များလာချိန်မှာ ပြုလုပ်တဲ့ ထောက်ခံပွဲတွေ ဖြစ်ပါတယ်။

ဒီလိုဝေဖန်မှုတွေ များလာချိန်မှာ သူရဲ့လုပ်ဆောင်ချက်တွေ မှန်ကန်ကြောင်း ထောက်ခံပွဲတွေကို တောင်ကြီး၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ ပုသိမ်မြို့တွေမှာ အောက်တိုဘာ ၆၊ ၇၊ ၈ ရက်က ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီထောက်ခံပွဲကို သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အစိုးရတွေ၊ NLD ပါတီဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင် တက်ရောက်မှု များပေမယ့် သံဃာတော်တွေ၊ တိုင်းရင်းသားတွေနဲ့ ဘာသာခြားတွေ အလာနည်းတယ်လို့ သွားရောက်ခဲ့သူ တချို့ က ပြောပါတယ်။

အဲဒီ ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၀င် မဟုတ်သူတွေလည်း တွေ့ရပြီး အန်ဂျီအိုတွေလည်း တွေ့ရသလို တိုင်းရင်းသားတွေနဲ့ အရပ်ဖက် အဖွဲ့အစည်း က သူတွေကိုလည်း တွေ့ရတယ်လို့ အောက်တိုဘာ ၇ ရက်က မန္တလေးမြို့ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းမှာ ပြုလုပ်ခဲ့တဲ့ ထောက်ခံပွဲကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ မန္တလေးမြို့ခံ သတင်းစာဆရာ ကိုသန်းနိုင်ဦးက ပြောပါတယ်။

အခုလို တက်ရောက်လာသူတွေဟာ ဘင်္ဂလီ အရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ထောက်ခံလို့ တက်ရောက်လာတာလို့ ယူဆရကြောင်း သူက ဆိုပါတယ်။

နှစ်ပေါင်း နှစ်ဆယ် အတွင်း ရှားရှားပါးပါး ခေါင်းဆောင် ရထားပြီး အဲဒီ ခေါင်းဆောင်က မြန်မာ နိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဖြစ်ထွန်းရေး ကြိုးပမ်း နေချိန်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြေရှင်းလို့ မရတဲ့ ပြဿနာတွေကို အဲဒီ ခေါင်းဆောင်က ဒိုင်ခံ ဖြေရှင်း နေရချိန်မှာ နိုင်ငံတကာက သူ့အပေါ် နားမလည်နိုင်ဘဲ ဝိုင်း အပြစ်တင်နေတာ တွေ့ရတယ်လို့ ဒေါ်အောင်ဆန်း စုကြည် ရင်ဆိုင်နေရတာကို ရည်ညွှန်းပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောကြားခဲ့ပါတယ်။

တိုင်းပြည် တည်ဆောက်ရေး လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အင်အားကောင်းပြီး လူထု ထောက်ခံမှု အပြည့်ရှိဖို့ လိုတဲ့ အတွက် အခုလို ပွဲတွေ လုပ်ရတာ ဖြစ်ကြောင်း အောက်တိုဘာ ၈ ရက်က ပုသိမ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ထောက်ခံ ပွဲမှာ ကိုဂျင်မီက ထည့်သွင်း ပြောသွားခဲ့ပါတယ်။

ဒီပွဲတွေဟာ လူထုက သူတို့ကိုယ်တိုင် သူတို့ ဆန္ဒအလျောက် အင်တိုက်အားတိုက် ထောက်ခံကြတဲ့ ပွဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အားကောင်းအောင် ဝိုင်းဝန်း လုပ်ဆောင်ပေးခြင်းဖြင့် လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်း နိုင်မှာ ဖြစ်တယ်လို့ သူ့အမြင်ကို ထောက်ပြသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ပွဲကို နောက်ရက်တွေမှာလည်း မြို့ကြီးအတော်များများမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒီလိုထောက်ခံပွဲတွေကြောင့် အမျိုးသားရေးဝါဒ အားကောင်းလာပြီး လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေနဲ့ ဘာသာခြားတွေကတော့ သူတို့ရဲ့အခွင့်အရေး ထိခိုက်မှာကို စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ