ရခိုင်အရေး အကူအညီပေးဖို့ UNHCR ကမ်းလှမ်း

  • 9 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Prof Win Myat Aye
Image caption ကုလမသဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အမှုဆောင် ကော်မတီ အစည်းအဝေးမှာ ဒေါက်တာ ဝင်းမြတ်အေး မိန့်ခွန်းပြောကြားစဉ်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အမှုဆောင် ကော်မတီ အစည်းအဝေးကို လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ ရှင်းလင်း တင်ပြခဲ့ပါတယ်။

တက်ရောက်သူတွေ စိတ်၀င်စားကြတာက ရခိုင် ပြည်နယ် အရေး ဖြစ်ပြီး လက်ရှိ အခြေအနေကို ပြောပြကာ ဆောင်ရွက်နေတဲ့ ကိစ္စတွေကို သက်သေ အထောက်အထားနဲ့ တကွ ဗွီဒီယို ဖိုင်တွေနဲ့ အတူ ရှင်းလင်း ပြောဆိုခဲ့တယ်လို့ ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။

ဒါ့အပြင် ရှေ့ဆက် လုပ်မယ့် လုပ်ငန်းစဉ်တွေနဲ့ ဒုက္ခသည်တွေ ပြန်လည် လက်ခံမယ့် အစီအစဉ်တွေ အပြင် ကိုဖီ အာနန် ကော်မရှင်ရဲ့ အကြံပေးချက် တွေကို အကောင်အထည် ဖော်မယ့် ကိစ္စ စသဖြင့် လက်ရှိ အစိုးရ အဖွဲ့ရဲ့ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ် အကြောင်းတွေကိုပါ ထည့်သွင်း ပြောပြခဲ့တယ်လို့ သူက ဆိုပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြခဲ့ပြီး လက်ရှိ အစိုးရအနေနဲ့ လိမ်လည် လှည့်ဖျား ဆောင်ရွက်တာ မရှိခဲ့ကြောင်းနဲ့ အခုအခါ သတင်းအမှားတွေ ထွက်နေပြီး ဒါတွေက တကယ့်လက်တွေ့နဲ့ မကိုက်တဲ့ သတင်းတွေ ဖြစ်တဲ့ အတွက် အဲဒီ အပေါ် ယုံမှားနေကြတာကြောင့် အဖြစ်မှန်ကို သိဖို့ လိုသလို တကယ် လက်တွေ့ ပူးပေါင်း ဆောင်ရွက်ဖို့လည်း လိုကြောင်း သူက ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။

မြန်မာ ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ခဲ့တဲ့ အဖွဲ့အစည်းတိုင်း မှန်သမျှက နှစ်ဖက် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လိုတယ်ဆိုပြီး ကမ်းလှမ်းလာကြသလို အစိုးရနဲ့ ယုံကြည်မှု တည်ဆောက်ပြီး အတူလက်တွဲ လုပ်သွားချင်တယ်လို့ ပြောတဲ့ အဖွဲ့တွေချည်းဘဲလို့ သူက ဆိုပါတယ်။

ရခိုင် မြောက်ပိုင်း စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အစိုးရ အနေနဲ့ စပြီးတော့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ကတည်းက အင်အား အလွန်အကျွံ မသုံးဖို့ ညွှန်ကြားထားပြီးသား ဖြစ်ကြောင်း ၊ တိုက်ခိုက်မှုတွေ မရှိတော့ချိန်မှာ တဖက်နိုင်ငံကို တဖြည်းဖြည်း စွန့်ခွာ သွားကြပြီး ကျန်နေခဲ့တဲ့ လူနည်းစုကလည်း နောက်တခါ တိုက်ခိုက်မှု ဖြစ်လာရင် ဘာတွေများ ဖြစ်မလဲ ဆိုတဲ့ အတွေးနဲ့ စိုးရိမ်လို့ ထွက်ခွာ သွားကြတာ ဖြစ်နိုင်ကြောင်း ၊ ဒါ့အပြင် တခြား တတိယ နိုင်ငံကို သွားမယ် ဆိုတဲ့ ရည်မှန်းချက်တွေ ရှိလို့ အိုးအိမ် စွန့်ခွာ သွားကြတာလို့ ယူဆနိုင်ကြောင်း ၊ ဘာဘဲ ဖြစ်ဖြစ် လက်ရှိမှာ ငတ်မွတ်မှု မဖြစ်သေးပေမယ့် ရိက္ခာ ပြတ်လပ်မှာကို ကြောက်ရွံ့ စိုးရိမ်မှုတွေလည်း ရှိနေတယ်လို့ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ ဒေါက်တာ ၀င်းမြတ်အေးက ရှင်းပြခဲ့ပါတယ်။

အခုအခါ ထွက်သွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ စီစဉ်နေပြီး ဘင်္ဂလားဒေ့ရှ် ဖက်နဲ့လည်း ညှိပြီး ၊ သဘောတူချက်တွေ အများကြီး ရခဲ့ပြီး ဖြစ်တဲ့ အပြင် သူတို့ဖက်က ၀န်ကြီး နှစ်ပါး မကြာခင်လာပြီး အသေးစိတ် ညှိကြမှာ ဖြစ်ကြောင်း ဒါ့အပြင် UNHCR နဲ့လည်း တွေ့ပြီး သူတို့ဖက်က အမြဲတမ်း အကူအညီ ပေးချင်တယ် ဆိုတဲ့ ကမ်းလှမ်း ပြောဆိုမှုတွေ ရှိခဲ့ကြောင်း ၀န်ကြီးက ပြောပါတယ်။

အခု ခရီးစဉ် အတွင်း ရခိုင် အကြံပေး ကော်မရှင် ဥက္ကဌ ကိုဖီ အာနန် နဲ့လည်း တွေ့ခဲ့ပြီး သူ့ရဲ့ အကြံပြုချက်တွေကို ချက်ချင်း တုံ့ပြန် ဆောင်ရွက်ကြတဲ့ အပေါ် အလွန်ဝမ်းသာတယ်လို့ ဆိုကြောင်း ၊ သူအကြံပြုချက် တွေထဲက အခု အကျိုးရှိတာ ၊ အခု အခြေအနေနဲ့ ကိုက်ပြီး အခု အကောင်အထည် ဖော်နိုင်တဲ့ ကိစ္စတွေကို အကောင်အထည် ဖော်လျက် ရှိကြောင်း ၊ လက်ရှိ လုပ်ဆောင်နေတာကို ဆွေးနွေးခဲ့တဲ့ အပြင် သူတို့ အကြံပေးချက်တွေကို အကောင်အထည် ဖော်ရာမှာ အခက်အခဲ ရှိရင် အကြံပေးချင်တယ်လို့ ကမ်းလှမ်း ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံလိုတဲ့ အဖွဲ့တွေလည်း ရှိပြီး ဒါတွေကို ကူညီ ဆောင်ရွက်မယ့် အခြေအနေနဲ့ ကျန်တဲ့ ဆက်လက် လုပ်ဆောင်သွားမယ့် ကိစ္စတွေကို ပြောဆို ခဲ့ကြတယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ပြောပြခဲ့ပါတယ်။

အောက်တိုဘာလ ၂ရက်နေ့ကနေ ၆ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အမှုဆောင် ကော်မတီ အစည်းအဝေးကို လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။