ရခိုင်တိုက်ခိုက်မှုဖြစ်ပြီး တလအကြာအတိုင်ပင်ခံမိန့်ခွန်း

  • 12 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် State Counsellor Office
Image caption နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

လက်ရှိ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ နားလည်မှု အပြည့်အဝနဲ့ အစိုးရကို ဝန်းရံ ပေးတဲ့အတွက် မြန်မာပြည်သူတွေကို အင်မတန်မှ ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မနှစ် အောက်တိုဘာလမှာ ရခိုင်ပြည်နယ် က ရဲစခန်းတွေ တိုက်ခိုက်ခံရမှုက စလို့ ယခုနှစ် သြဂုတ်လတွင် ထပ်မံဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ဆက်လက် ကြီးထွား လာရတဲ့ ပြဿနာတွေ အပေါ် ကမ္ဘာ့ အာရုံစိုက်မှု အင်မတန် ကြီးမားနေချိန်၊ ဝေဖန်မှုတွေ အများအပြား ထွက်ပေါ် နေချိန်မှာ နိုင်ငံတကာရဲ့ အမြင် သဘောထားတွေကို သိရှိ နားလည်ဖို့ လိုပေမယ့် ကိုယ့်နိုင်ငံရဲ့ အ‌ခြေအနေကို ဒီတိုင်းပြည်မှာ နေထိုင်သူတွေလောက် ဘယ်သူမှ မသိနိုင်သလို ၊ နိုင်ငံ အေးချမ်း သာယာ ဖွံ့ဖြိုးရေးကို ကိုယ့်နိုင်ငံက လူထုလောက် ဘယ်သူမှ မလိုလား နိုင်တာမို့ ဒီပြဿနာတွေကို အဓိကထားပြီး ဖြေရှင်းရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အစိုးရက ရခိုင်အရေးနဲ့ပတ်သက်ပြီး ဦးစားပေးလုပ်ဆောင်မယ့် အချက်တွေ အဖြစ်

(၁) လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနဲ့ ဒုက္ခသည်များ ပြန်လည်လက်ခံရေး

(၂)ပြန်လည် နေရာချထားရေးနဲ့ ပြန်လည် ထူထောင်ရေး

(၃) ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည် ပဋိပက္ခကင်းဝေးရေး တို့ ဖြစ်ပါတယ်။

ရခိုင် အရေးနဲ့ ပတ်သက်လို့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ထိထိရောက်ရောက် ပေးအပ်နိုင်ဖို့ လက်ရှိ အနေအထားကို ထပ်မံမြှင့်တင်ပြီး ဆောင်ရွက်ဖို့ လိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိသွားတဲ့သူတွေ ပြန်လည် လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

ပြန်လည် နေရာချထားရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြန်လာမယ့်သူတွေ အတွက်သာမက ဒိုင်းနက်၊ မြိုအစရှိတဲ့ ရှားပါးဌာနေ တိုင်းရင်းသားတွေ၊ ဟိန္ဒူ ဘာသာဝင်တွေ၊ ရခိုင် တိုင်းရင်းသားတွေ အတွက် မူလအနေအထားကို ပြန်လည်ရောက်ရှိအောင်၊ မူလ အနေအထားထက် သာလွန် ကောင်းမွန်အောင် ရေရှည် တည်တံ့ ခိုင်မြဲမယ့် စီမံကိန်းကို အကောင်အထည် ဖော်သွားမှာ ဖြစ်သလို နောင် အစဉ်အဆက် ပဋိပက္ခတွေ ကင်းဝေးစေဖို့အတွက် ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည် ပဋိပက္ခ ကင်းဝေးရေးကိုလည်း ရေရှည် စီမံကိန်းတွေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

တည်ငြိမ် အေးချမ်း တိုးတက် ဖွံ့ဖြိုးတဲ့ ရခိုင်ပြည်နယ် ဖြစ်ပေါ်လာရေး အတွက် လက်တွေ့ တိုးတက်မှု ရလဒ်တွေနဲ့ ပြသဖို့ ကြိုးပမ်းဆောင်ရွက်မယ့် ဒီစီမံကိန်းမှာ ပြည်သူပြည်သားတွေ၊ ပြည်တွင်း NGO တွေ၊ CSO တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် မေတ္တာရပ်ခံကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

ရခိုင် ပြည်နယ် မြောက်ပိုင်းမှာ အခုနှစ် သြဂုတ်လ ၂၅ ရက် နေ့နောက်ပိုင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး အကြိမ် အဖြစ် မိန့်ခွန်း ပြောခဲ့တာ ဖြစ်ပါတယ်။