ရခိုင်အရေး သိန်းတသိန်းကျော် လှူ

  • 20 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်ငန်းရှင်တွေတွေ့

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုနဲ့ တခြားအကူအညီတွေအတွက် မြန်မာစီးပွားရေး လုပ်ငန်းရှင်ကြီးတွေက သိန်းပေါင်း တသိန်းကျော် လှူဒါန်းခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်က အထင်ကရ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အောက်တိုဘာလ ၂၀ ရက် မနက်ပိုင်းက နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှာ တွေ့ဆုံခဲ့ရာမှာ အခုလို လှူဒါန်းခဲ့တာပါ။

အလှူငွေကို အတိုင်ပင်ခံ ဦးဆောင်တဲ့ ရခိုင်ပြည်နယ်က လူသားချင်း စာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီက တဆင့် စီးပွားရေး လုပ်ငန်းရှင် တွေက ငွေကြေးလှူဒါန်း ခဲ့ကြပါတယ်။

လှူဒါန်းခဲ့တဲ့ လုပ်ငန်းရှင်တွေထဲမှာ ဦးအောင်ကိုဝင်း (ကမ္ဘောဇ)၊ ဦးဇော်ဇော် (မက်စ်မြန်မာ)၊ ဦးထွန်းမြင့်နိုင် (အေးရှားဝေါလ်)၊ ဦးခင်ရွှေ (ဇေကမ္ဘာ)၊ ဦးနေအောင် (အမရာ)၊ ဦးမောင်ဝိတ် (စေပိုင် ကုမ္ပဏီ) အပါအဝင် လုပ်ငန်းရှင် စုစုပေါင်း ၃၁ ယောက်က အလှူငွေ ကျပ်သိန်းပေါင်း ၁၆၇,၀၀၀ ထည့်ဝင် လှူဒါန်း ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption တက်ရောက်ခဲ့တဲ့ စီးပွားလုပ်ငန်းရှင်တချို့

ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးရေး၊ အကူအညီပေးရေးနဲ့ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေး ကိစ္စတွေကို အရှိန်မြင့်တင်ဖို့ ရည်ရွယ်ချက်တွေနဲ့ မြန်မာအစိုးရက UEHRD ကော်မတီကို အောက်တိုဘာလ ၁၇ ရက်က အသစ် ဖွဲ့စည်းခဲ့တာပါ။ ဒီကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပါတယ်။

အဲဒီအဖွဲ့က အစိုးရ ဘတ်ဂျက်အပါအဝင် ပြည်တွင်း ပြည်ပ အလှူရှင်တွေရဲ့ ထောက်ပံ့ငွေ၊ မိတ်ဘက် နိုင်ငံတွေနဲ့ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီကို လက်ခံပြီး ရခိုင်ပြည် အေးချမ်း ဖွံ့ဖြိုး တိုးတက်ရေး နဲ့ ရေရှည်မှာ ပဋိပက္ခတွေ ကင်းဝေးရေးကို လုပ်ကိုင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption လှူဒါန်းသူ ငွေစာရင်း
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption လှူဒါန်းသူ ငွေစာရင်း

ရခိုင်ပြည်နယ်အရေးကို ပူးပေါင်း ကိုင်တွယ်ဖြေရှင်းဖို့ အတွက် မြန်မာအစိုးရက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်နဲ့ အဲဒီအကြံပြုချက်ကို အကောင်အထည်ဖော် ဖို့ ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည် ဖော်ရေး ကော်မတီ အပါအဝင် အဖွဲ့ တော်တော်များများကို ဖွဲ့စည်းထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ သြဂုတ်လကုန်ထဲ အကြမ်းဖက် တိုက်ခိုက်ခံရတာတွေရဲ့ နောက်ဆက်တွဲ အဖြစ် တပ်မတော် ဘက်က စစ်ဆင်ရေး ဆောင်ရွက် နေတာတွေက စက်တင်ဘာ ပထမ သီတင်းပတ် ကတည်းက ပြီးဆုံးခဲ့ပြီ လို့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က ပြောထားပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂရဲ့ သတင်း ထုတ်ပြန်ချက်တွေ အရတော့ အခုချိန်ထိ ရခိုင်ပြည်က မွတ်ဆလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင် ငံဘက်ကို ထွက်ပြေးနေပြီး လက်ရှိဒုက္ခသည်အရေ အတွက်ဟာ ၅၈၀,၀၀၀ ကျော်ရှိနေပြီလို့ ဆိုပါတယ်။

ဘီဘီစီ တဝန်း