အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေကို လွှတ်တော်မှာ တင်သွင်းမယ်

  • 20 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် ROBERTO SCHMIDT
Image caption လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်ခံရသူတယောက်က ပြောပြနေစဉ်

အမျိုးသမီးတွေအတွက် သီးသန့် ရည်ရွယ် ပြဌာန်းထားတဲ့ အမျိုးသမီးအကြမ်းဖက်မှု့ ကာကွယ်ရေး ဥပဒေကို ယခုကျင်းပနေတဲ့ ဒုတိအကြိမ် လွှတ်တော်အတွင်း တင်သွင်းနိုင်ဖို့ စီစဉ်နေပါတယ်။

ဒီဥပဒေကို လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဦးဆောင်မှုနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ လွှတ်တော်အတွင်းက အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ ကော်မတီ၊ ဥပဒေဆိုင်ရာ တတ်သိပညာရှင်တွေနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပူးပေါင်းပါဝင် ရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။

ဥပဒေမှာ အမျိုးသမီးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ အိမ်တွင်း အကြမ်းဖက်ခံရမှု၊ လုပ်ငန်းခွင်အတွင်း ထိပါးနှောက်ယှက်မှုတွေက ကာကွယ်ပေးနိုင်ဖို့အတွက် နိုင်ငံတကာ ပြဌာန်းချက်ပါ ဥပဒေတွေနဲ့ CEDAW ပြဌာန်းချက်ပါ ဥပဒေတွေထဲက ပြည်တွင်းနဲ့ ကိုက်ညီမယ့် ဥပဒေတွေကို ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။

ဒီဥပဒေကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့တာ ဖြစ်ပြီး ဥပဒေပါ အချက်တွေဟာ လက်ရှိပြဌာန်းထားတဲ့ ဥပဒေတချို့နဲ့ ငြိစွန်းနေလို့ ပြန်လည် ပြင်ဆင်ရေးဆွဲလိုက်၊ ညှိနှိုင်းတင်ပြလိုက် လုပ်နေရတာကြောင့် လက်ရှိအချိန်ထိ လွှတ်တော်ကို တင်သွင်နိုင်ခြင်း မရှိသေးတာလို့ ဥပဒေ ရေးဆွဲရာမှာ ပါဝင်တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း အမျိုးသမီးတွေအကြမ်းဖက်ခံရမှု အများဆုံးအမှုက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုလို့ အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အမျိုးသမီးအကြမ်းဖက်မှု့ ကာကွယ်ရေးဥပဒေ မူကြမ်းကို ရှေ့နေချုပ်ရုံးကို ပေးပို့ထားတယ်လို့ သိရပါတယ်။

ဒီဥပဒေကို ရှေ့နေချုပ်ရုံးက ပြန်လည်ပေးပို့လာမှသာ ယခုလွှတ်တော်သက်တမ်းအတွင်း တင်ပြဆွေးနွေး လာနိုင်မယ့်လို့ အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ ကော်မတီ ဥက္ကဌ ဒေါက်တာမြသောင်းက ပြောပါတယ်။

အမျိုးသမီးအကြမ်းဖက်မှု့ ကာကွယ်ရေးဥပဒေ ထွက်ပေါ်လာရင်တော့ အကြမ်းဖက်ခံရမှု အမျိုးမျိုးကနေ အမျိုးသမီးတွေကို ထိရောက်စွာကာကွယ်မှု ပေးနိုင်မယ်လို့ မျှော်လင့်နေကြပြီး လက်ရှိ ပြဌာန်းထားတဲ့ ဥပဒေတွေက အမျိုးသမီးတွေကို အကြမ်းဖက်ခံရမှုကနေ ကာကွယ်မှု သိပ်မပေးနိုင်ဘူးလို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။