UK ရောက်မြန်မာတွေအတွက် စွမ်းရည်မြှင့် ၊ ချိတ်ဆက် ဆွေးနွေးပွဲ

  • 22 အောက်တိုဘာ 2017
Image caption ပညာရေးနဲ့ လူမှုဘ၀ အပြင် အလုပ်အကိုင် ရှာဖွေရေး ဆိုင်ရာ အတွေ့အကြုံမျှဝေ

ပြည်ထောင်စု မြန်မာနိုင်ငံသားများ အသင်း ယူကေ (NUMAUK) က စီစဉ်ကျင်းပတဲ့ စွမ်းဆောင်ရည် တည်ဆောက်မြှင့်တင်ခြင်း နှင့် မြန်မာနိုင်ငံသားများ အချင်းချင်း ချိတ်ဆက်နိုင်ရေး ဆွေးနွေးပွဲတစ်ရပ်ကို လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိကရေးရာကျောင်းမှာ အောက်တိုဘာ ၂၂ ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။

ဆွေးနွေးတဲ့အထဲမှာ ယူကေမှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားတွေရဲ့ ပညာရေးနဲ့ လူမှုဘဝ၊ ဘွဲ့ရပြီးသူတွေအတွက် အလုပ်အကိုင် ရှာဖွေရေးဆိုင်ရာ အတွေ့အကြုံ ဝေမျှတဲ့ ဟောပြောဆွေးနွေးမှုတွေလည်း ပါဝင်ပါတယ်။

UK မှာ နေထိုင်တဲ့ အခါ လူမှုဝန်းကျင် အကြောင်း အပါအဝင် အထွေထွေ ဗဟုသုတတွေကို မြန်မာတွေ အချင်းချင်းကြား မျှဝေ နိုင်ဖို့ ရည်ရွယ် ကျင်းပတာလို့ ပွဲစီစဉ်တဲ့ NUMAUK အသင်းက တာဝန် ရှိသူတွေက ပြောပါတယ်။

UK မှာ ပညာသင် ဘွဲရခဲ့ပြီး လုပ်ငန်းခွင် နယ်ပယ် အသီးသီးမှာ အောင်မြင်နေသူတွေက သူတို့ အတွေ့အကြုံတွေကို ပြန်လည် မျှဝေ ခဲ့ကြပါတယ်။

ဒါ့အပြင် ယူကေမှာ ပညာသင်ကြားခဲ့ကြပြီး အဲဒီ ပညာနဲ့ လုပ်ငန်းခွင် အသီးသီးမှာ ပြန်လည် အသုံးချ အောင်မြင်နေကြတဲ့ အတိုင်ပင်ခံ ဆရာ၀န် အထူးကုတွေ ၊ ရှေ့နေတွေ အပါအဝင် နယ်ပယ် အသီးသီး က တတ်သိပညာရှင်တွေက ဒီနိုင်ငံမှာ ပညာရှာပြီး ကျောင်းသားတွေ အနေနဲ့ မြန်မာ နိုင်ငံ ပြန်တဲ့အခါ ဘာတွေ ရယူဆောင်သွားပြီး တိုင်းပြည်အတွက် အကျိုးရှိအောင် ဘယ်လို ပြန်လည် အသုံးချ မလဲ ဆိုတာတွေကိုလည်း ထည့်သွင်း အကြံပြု ဆွေးနွေးခဲ့ကြပါတယ်။

အနောက်နိုင်ငံတွေမှာ အတတ်ပညာ ၊ အသိပညာ လေ့လာ ဆည်းပူး ရသမျှ တွေနဲ့ လုပ်ငန်းခွင် အတွေ့အကြုံတွေကို မြန်မာနိုင်ငံမှာ ပြန်လည် ပေးဆပ် နိုင်ရင် အလွန်ကောင်းမှာ ဖြစ်တဲ့ အတွက် ရည်ရွယ် လုပ်ဆောင်တာလို့ Oxford Brook University မှာ စီးပွားရေး ပညာရပ် ပို့ချပေးနေတဲ့ ဆရာတယောက် ဖြစ်တဲ့ ကိုညီညီအောင် က ပြောပါတယ်။

အခုကျင်းပတဲ့ ပွဲမှာ မြန်မာ နိုင်ငံသားတွေ အနေနဲ့ UK မှာ ပညာသင်ကြား ဘွဲ့ရပြီးတဲ့ အခါ အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လို ရှာနိုင်မလဲ ဆိုတာကိုလည်း မျှဝေခဲ့ကြပါတယ်။

UK မှာ ရောက်နေတာ နှစ်နှစ်ရှိပြီဖြစ်တဲ့ Oxford တက္ကသိုလ်မှာ ဘူမိဗေဒ ပါရဂူ ဘွဲ့ ရယူဖို့ ကြိုးစားနေတဲ့ မတင်တင်နိုင် ကလည်း ဒီနိုင်ငံမှာ ရောက်နှင့်နေပြီးသားသူ တွေရဲ့ အတွေ့အကြုံ မျှဝေတာကို သိရအောင် ဒီပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပြီး ကျောင်းပြီးသွားရင် မြန်မာ နိုင်ငံမှာ ဘာတွေ ပြန်လည် အသုံးချနိုင်မလဲ သိရအောင် လာခဲ့ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို စွမ်းဆောင်ရည် တည်ဆောက် မြှင့်တင်တဲ့ ဆွေးနွေးပွဲကို ပြည်ထောင်စု မြန်မာနိုင်ငံသားများ အသင်း ယူကေ (NUMAUK) က လန်ဒန်မှာ ပထမဆုံး စီစဉ် ကျင်းပတာ ဖြစ်ပြီး ဒီလိုဆွေးနွေးပွဲမျိုး မကြာခဏ လုပ်သွားဖို့ရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။