အဂတိလိုက်စားမှု အရှိန်မြှင့်နှိမ်နင်းဖို့ လိုနေပြီလို့ ကော်မရှင်ဥက္ကဌ ပြော

  • 25 နိုဝင်ဘာ 2017
Image caption အဂတိ လိုက်စားမှု ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်

လက်ရှိ NLD အစိုးရ တက်လာပြီး နှစ်နှစ် အကြာ အခုနှစ် နိုဝင်ဘာ ၂၃ရက်နေ့မှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် တရပ် ဖွဲ့စည်းလိုက်ပါတယ်။

ဒီကော်မရှင် ဖွဲ့ဖို့ ကိစ္စကို လွှတ်တော်မှာ အတည်ပြုခဲ့ပြီးနောက် နိုင်ငံတော် သမ္မတက ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ကော်မရှင်မှာ ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးအောင်ကြည် က ဥက္ကဌ အဖြစ် ခေါင်းဆောင်ကာ အဖွဲ့၀င် ၁၂ ယောက်ပါ၀င်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ အခြေအနေမှာ အဓိက ကတော့ ဥပဒေ ကန့်သတ်ချက် ရှိနေပြီး ကော်မရှင် အနေနဲ့ ဥပဒေဘောင် အတွင်းက လုပ်ရတဲ့ သဘောမျိုး ဖြစ်နေတယ်လို့ ကော်မရှင် ဥက္ကဌ က ပြောပါတယ်။

၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့တဲ့ အဂတိ လိုက်စားမှုမှာ ကန့်သတ်ချက်တွေ ရှိနေတဲ့ အနေအထားကြောင့် လုပ်ရတဲ့ အခါမှာ အခက်အခဲ ရှိနေပြီး ဥပမာ တခု ပြောရမယ် ဆိုရင် ဥပဒေနဲ့ တိုင်ကြားတဲ့ အခါမှာ ကာယကံရှင် ကိုယ်တိုင် တိုင်ကြားမှာ ကော်မရှင်က အရေးယူနိုင်တယ် ဆိုတာက အဟန့်အတား တခုလို ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

တကယ်ဆိုရင် ကော်မရှင် အနေနဲ့ အဂတိလိုက်စားမှု ဖြစ်နေတာ သိရင် မတိုးပွားအောင် ၊ ကာကွယ်ဖို့ အရေးယူ ဆောင်ရွက်သွားနိုင်ရင် ပိုထိရောက်နိုင်လိမ့်မယ်လို့ သူက ရှင်းပြပါတယ်။

တကယ်လို့ လက်ရှိ အစိုးရ ဒါမှမဟုတ် အာဏာပိုင်တွေနဲ့ ဆက်စပ်မှု ရှိနေတဲ့ အဂတိ လိုက်စားမှုတွေ ဆိုရင်လည်း ဥပဒေထဲမှာ အကျုံး၀င် တယ် ဆိုရင် ညှိလုပ်သွားနိုင်မယ်လို့ ထင်ကြောင်းနဲ့ ဒါက ပြဿနာ မဟုတ်ဘူးလို့ ဥက္ကဌ ဦးအောင်ကြည် က ပြောပါတယ်။

ဒါ့အပြင် အားလုံး ပူးပေါင်း ပါဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့ ရှိပြီး တက်နိုင်သမျှ စိတ်၀င်စားတဲ့ လူပုဂ္ဂိုလ် အဖွဲ့တွေနဲ့ ပူးပေါင်းသွားဖို့ အစီအစဉ်တွေလည်း ရှိကြောင်း သိရပါတယ်။

လက်ရှိ မြန်မာ နိုင်ငံ အခြေအနေဟာ CPI အညွှန်းမှာ ကြည့်ရင်ကိုဘဲ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ နှစ်စဉ် တိုးတက်မှု ရှိတာ တွေ့ရပြီး ဘာမှ မလုပ်တာထက် စာရင် ကောင်းတယ်လို့ ဆိုနိုင်ပေမယ့် အခု လုပ်ဆောင်ချက်တွေဟာ လုပ်သင့်တာထက် အနည်းအကျဉ်းမျှသာ ဖြစ်လို့ ရှေ့ဆက် အများကြီး လုပ်ဖို့ လိုနေသေးတယ်လို့ ထင်ကြောင်း အဂတိ လိုက်စားမှု ကော်မရှင် ဥက္ကဌက ထောက်ပြ ခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ အဂတိ လိုက်စားမှု ပပျောက် ဖို့ ခုလုပ်နေတာထက် အရှိန် မြှင့်သွားဖို့ လိုပြီး ပထမဆုံး လုပ်ရမှာက ဥပဒေနဲ့ ပတ်သက်လို့ ပြန်ပြုပြင်မှု လုပ်နေချိန်မှာ ပညာပေးတာ ၊ ကြိုတင် ကာကွယ်တာတွေလည်း လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည် က ပြောပါတယ်။