ဘင်္ဂလားမြန်မာ ထွက်ပြေးဒုက္ခသည် ပြန်ခေါ်ရေးစာချုပ်

  • 26 နိုဝင်ဘာ 2017
Image caption ထွက်ပြေးရိုဟင်ဂျာတွေ ပြန်ခေါ်ရေး ဘင်္ဂလား မြန်မာ သဘောတူစာချုပ်

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလား၊ မြန်မာနှစ်နိုင်ငံ သဘောတူစာချုပ်ကို နိုဝင်ဘာ လ ၂၃ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီစာချုပ်မှာ ထူးခြားတာတချက်ကတော့ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းနှစ်မျိုးစလုံးကို ရှောင်ရှားပြီး ရခိုင်ပြည်နယ်က မွတ်ဆလင်တွေလို့ သုံးနှုန်းထားတာကိုတွေ့ရပါတယ်။

ပြန်လည်ခေါ်ယူရေး အစီအစဉ်ကို ၂ လအတွင်း စတင်ရမယ်လို့လည်း သတ်မှတ်ဖော်ပြထားပါတယ်။

ခေါ်ယူမယ့် အရေအတွက်ကိုလည်း ဘယ်ရွေ့ဘယ်မျှဆိုပြီး ကြိုတင်ကန့်သတ်ထားတာမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးတဲ့ အထောက်အထားပြနိုင်သူမှန်သမျှကို ပြန်လည်ခေါ်ယူလက်ခံမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် အခုခေါ်ယူမယ့် အစီအစဉ်ဟာ ၂၀၁၆ ခု အောက်တိုဘာနဲ့ ၂၀၁၇ သြဂုတ်လ ၂၅ ရက်နောက်ပိုင်းထွက်ပြေးသွားတဲ့သူတွေကို သာပြန်လည် စီစစ် ခေါ်ယူမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ့အရင်က ထွက်ပြေးသူတွေနဲ့ ပတ်သက်လို့တော့ သီးခြားစဉ်းစားမယ်လို့ ဆိုထားပါတယ်။

ခေါ်ယူတဲ့လုပ်ငန်းစဉ်ပြီးဆုံးမယ့်အချိန်ဟာလည်း သဘာဝကျတဲ့ ပြီးဆုံးချိန် reasonable time ဖြစ်ရမယ်လို့ ဆိုပါတယ်။ စောစောပိုင်းက မြန်မာအရာရှိတချို့ပြောကြသလို တနေ့ ၁၀၀ ၁၅၀ ဆိုတဲ့ သတ်မှတ်ချက်မျိုးလည်း ပါဝင်တာ မတွေ့ရပါဘူး။

အခုပြန်လည်ခေါ်ယူတဲ့အခါမှာတော့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးကြောင်း အထောက်အထားတွေကို စီစစ် လက်ခံမယ်လို့ သဘောတူညီချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ နေခဲ့ဖူးတဲ့ အထောက်အထားဆိုရာမှာ အရင်တုန်းက သက်တမ်းကုန်ဆုံးသွားတဲ့ သုံးခေါက်ချိုး အစိမ်းမှတ်ပုံတင်၊ ဝှိုက်ကတ်၊ NVC ကတ်စတဲ့ ကတ်အမျိုးမျိုးတွေ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်ဖူးကြောင်း ကျောင်းနေဖူးကြောင်း စတဲ့ အထောက်အထားတွေ ပါဝင်ပါတယ်။ ဒါပေမယ့် အဲသလို နေထိုင်ခဲ့ဖူးကြောင်း စီစစ်တဲ့ လုပ်ငန်းစဉ်ဟာ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်နဲ့ မတူညီကြောင်း သီခြားစီဖြစ်ကြောင်းကိုလည်း စာချုပ်မှာထည့်သွင်းရေးသားထားပါတယ်။

လိုအပ်ရင် ကုလသမဂ္ဂ ဒုက္ခသည်များမဟာမင်းကြီးရုံးနဲ့ ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လိုအပ်ရင် ဆိုတာ ဘယ်လိုလိုအပ်တာမျိုးဖြစ်ပြီး ဘယ်လိုအကူအညီမျိုးကိုတောင်းခံမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ထွက်သွားသူတွေကို နိုင်ငံတွင်းကနေ တရားမဝင် ထွက်သွားခြင်းဝင်လာခြင်းဆိုတဲ့ ပုဒ်မတွေနဲ့ တရားမစွဲပါဘူးလို့လည်း စာချုပ်မှာ အာမခံထားပါတယ်။ ဒါပေမယ့် အကြမ်းဖက်ခြောက်လှန့်မှု တဲရစ်စ် အမှု ရာဇဝတ်မှုနဲ့ ငြိစွန်းသူတွေမဟုတ်ခဲ့ရင်ဆိုတဲ့ ခြွင်းချက်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဒီစာချုပ်မှာ မိမိဆန္ဒအလျောက် ပြန်လာလိုသူတွေကိုသာ လက်ခံခေါ်ယူမယ်လို့ ဆိုထားတဲ့အတွက် တကယ်လို့ ပြန်မလာရဲကြလို့ ဆန္ဒအလျောက်ပြန်မလာတဲ့သူတွေ များနေခဲ့ရင် အဲဒီလူတွေအတွက် ဘာဆက်လုပ်မလဲဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။