ပုပ်ရဟန်းမင်းကြီးခရီးစဉ်က ငြိမ်းချမ်းရေး လမ်းစလား

  • 26 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံ လာရောက်မှုကို ကြိုဆိုတဲ့ ဆိုင်းဘုတ်တွေ တပ်ဆင်ကြပြီ

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအပေါ် ကိုင်တွယ် ဖြေရှင်းပုံနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရကို နိုင်ငံတကာက ဝေဖန်နေချိန်မှာ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင် တွေရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ဟာ မြန်မာနိုင်ငံကို ရောက်လာတော့မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အပေါ် လူအများက အာရုံ စိုက်နေသလို ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေ အများအပြား ရှိနေကြပါတယ်။

တကယ်တော့ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာပြည် ခရီးကတော့ မလွယ်ကူသလို သိမ်မွေ့တဲ့ ခရီးစဉ်တခုဖြစ်ပြီး အများစုက ဒီခရီးကနေ ဘာတွေ မျှော်လင့်လို့ ရမလဲ ဆိုတာ မေးခွန်းထုတ်တာတွေ ရှိတယ်လို့ ပုပ်ရဟန်း မင်းကြီး အတ္ထုပ္ပတ္တိကို ရေးသားခဲ့တဲ့ စာရေး ဆရာ အော်စတင် အိုင်ဗရီ က ပြောပါတယ်။

စာရေး ဆရာ အော်စတင် အိုင်ဗရီ ဟာ ကြီးမြတ်တဲ့ ပြုပြင် ပြောင်းလဲရေး သမား`The Great Reformer: Francis And The Making of a Radical Pope'လို့ အမည်ရတဲ့ ပုပ်ရဟန်း မင်းကြီး အတ္ထုပ္ပတ္တိကို ရေးသားခဲ့တဲ့သူ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ နှိပ်စက် သတ်ဖြတ်ခံရတာတွေကို ရှုတ်ချရင် ဒါဟာ မြန်မာ့ အမျိုးသားရေး ရပ်တည်ချက်ကို သွားဆွသလို ဖြစ်နိုင်သလို ဒါကို ထုတ်မပြောပြန်ရင်လည်း သူအပေါ် လူတွေထားတဲ့ ယုံကြည်မှု ကျနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

ဒီအခြေအနေကို ပုပ်ရဟန်းမင်းကြီးက သဘောပေါက်သလို တခြားသူတွေကို ကူညီရာမှာ အထူး ကျွမ်းကျင်တဲ့ ပုပ်ရဟန်းမင်းကြီးအနေနဲ့ မြန်မာနဲ့ ရိုဟင်ဂျာ လူ့အဖွဲ့အစည်း ၂ ခုကြားက တကယ့်ကို လိုအပ်နေတဲ့ ပြန်လည် သင့်မြတ်ရေးကို ကူညီ တည်ဆောက်ဖို့ ရှိနေတယ်လို့ အော်စတင် အိုင်ဗရီ က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ခရစ်ယာန်တွေဟာ လူနည်းစုသာ ဖြစ်တာကြောင့် ပုပ်ရဟန်းမင်းကြီး ဒီလို တွန်းအားမျိုး ပေးနိုင် ပါ့မလားလို့ သံသယ ရှိသူတွေ အနေနဲ့ ပုပ်ရဟန်းမင်းကြီးဟာ လက်ရှိ ကမ္ဘာပေါ်က လူတွေ အလေးအမြတ်ထားရတဲ့ သူတော်စင်တဦး၊ နိုင်ငံတကာနဲ့ အဆက် အသွယ်ရှိတဲ့ ဗာတီကန် ခေါင်းဆောင်တဦး အနေနဲ့ လာတာကိုတော့ မမေ့သင့်ဘူးလို့ အော်စတင် အိုင်ဗရီ က ထောက်ပြပါတယ်။

ဗာတီကန်ရဲ့ သံတမန်ရေးကို ကမ္ဘာတဝန်းက တန်ဖိုးထားသလို မြန်မာနဲ့ ဗာတီကန် ကလည်း သံတမန် အဆက်အသွယ်ရှိတာကြောင့် အခုလို လာရောက်တာဖြစ်တယ်လိုလည်း သူက ဆိုပါတယ်။

လူတွေကြားထဲမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရာမှာ ဘာသာရေးရဲ့ အခန်းကဏ္ဍကို ပုပ်ရဟန်းမင်းကြီးက ပြောပြနိုင်မှာ ဖြစ်တယ်လို့ အော်စတင် အိုင်ဗရီ က ပြောပါ တယ်။

ရခိုင် အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ဖိအားတွေရှိနေချိန်မှာပဲ ကက်သလစ် ခေါင်းဆောင် ပုပ် ရဟန်းမင်းကြီး လာရောက်တာက ငြိမ်းချမ်းရေး လမ်းစ ဖြစ်နေမလား ဆိုပြီးတော့လည်း လူတွေ မျှော်လင့် နေကြပါတယ်။

ကချင်နဲ့ချင်းက ကက်သလစ်တွေ ပုပ်ရဟန်းကို တွေ့ဖို့ ရန်ကုန်ဆင်းလာ

အခုလို ပုပ်ရဟန်း မင်းကြီးရဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်း နိုဝင်ဘာ ၂၉ ရက်မှာ ကက်သလစ် ဘာသာဝင်တွေနဲ့ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ဝတ်ပြု ဆုတောင်း တွေ့ဆုံဖို့ ရှိပါတယ်။

ရိုမန်ကက်သလစ် ဘာသာဝင်တွေ အများစု ရှိရာ ကချင်ပြည်နယ်မှာ နယ်မြေအေးချမ်းမှု မရှိလို့ ပုပ်ရဟန်းမင်းကြီး အနေနဲ့ ကချင်ပြည်နယ်ကို သွားရောက်ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် ကချင် ပြည်နယ်က ဒေသခံ ရိုမန် ကက်သလစ် ဘာသာ၀င်တွေ ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံပွဲ တက်နိုင်အောင် အသင်းတော်က ရထားတွေ စင်းလုံးငှားကာ ရန်ကုန်သွားနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း မြို့နယ် ၁၀ ခုကျော်က ရိုမန်ကက်သလစ် ဘာသာဝင်တွေဟာ ဒီ ဆုတောင်းပွဲကို လာရောက်နိုင်ဖို့ စက်တင်ဘာလကတည်းက ကြိုတင်စာရင်း ပေးသွင်းထားကြရတယ်လို့ ဆိုကြပါတယ်။

မနေ့က နို၀င်ဘာ ၂၆ ရက်အထိ ရန်ကုန်ကို ရောက်လာကြတဲ့ ကချင်ပြည်နယ်က ရိုမန်ကက်သလစ် ခြောက်ထောင် နီးပါး ရှိနေပြီလို့ သိရပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်ဟာ ပထမဆုံး သမိုင်းဝင်ခရီးဖြစ်လို့ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ပြုလုပ်မယ့် ဝတ်ပြုဆုတောင်းပွဲကို ရိုမန်ကက်သလစ်ဘာသာဝင် ၃ သိန်းနီးပါး တက်ရောက်ပြီး ဆုတောင်းကြမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။