ကျောက်မီးသွေးတွင်းပေါက်လို့ ၈ ဦးသေဆုံး

  • 29 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် Than Naing Oo
Image caption စကုမြို့နယ်ထဲမှာ ပေါက်ကွဲခဲ့တဲ့ ကျောက်မီးသွေးတွင်း

မကွေးတိုင်း မင်းဘူး စကုမြို့နယ်ထဲမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲခဲ့ပြီး သေဆုံးခဲ့ရတဲ့ တရုတ်နိုင်ငံသား အပါအဝင် လူ ၈ ဦး အလောင်းအားလုံးကို တွေ့ရှိခဲ့ပါတယ်။

အင်္ဂါနေ့ ညပိုင်းအထိ အလောင်း ၆ လောင်းပဲ တွေ့ရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းကျမှ တရုတ်နိုင်ငံသားနဲ့ ကျန်အလောင်းတလောင်းကို ဆယ်ယူရရှိခဲ့ပါတယ်။

ဒီကျောက်မီးသွေးတွင်းကို ဟန်ထက် ပြည်တွင်း ကုမ္ပဏီက ၅ နှစ်စီမံကိန်းနဲ့ တူးဖော်နေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အဲဒီကျောက်မီးသွေးတွင်း လုပ်ငန်းခွင်ကို ပိတ်ထားပြီး ကုမ္ပဏီ ပိုင်ရှင်နဲ့ လုပ်ငန်း တာဝန်ခံ ၂ ဦးကို ပေါ့လျော့မှုကြောင့် ပြစ်မှုဆိုင်ရာ ပုဒ်မ (၃၀၄)နဲ့ မင်းဘူး ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မင်းဘူးမြို့နယ် ရဲမှူး ဉာဏ်ကီးရှိန်က ဘီဘီစီကို ပြောပါတယ်။

မကွေးတိုင်း ထဲမှာ တူးဖော်နေတဲ့ ကျောက်မီးသွေးတွင်းတွေ အများအပြား ရှိနေပြီး ဒီတွင်းတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင် လုံခြုံမှုကို စနစ်တကျ လိုက်နာ ဆောင်ရွက်မှု ရှိဖို့ လိုက်လံစစ်ဆေးနေတယ်လို့ မကွေးတိုင်း အစိုးရ သယံဇာတ သဘာဝပတ်ဝန်းကျင် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။

လုပ်ငန်းခွင် အတွင်း အောက်ဆီဂျင်ဗူးနဲ့ ဆက်ထားတဲ့ လေပိုက် ပေါက်ထွက်လို့ တွင်းပြိုကျခဲ့ရပြီး တွင်းထဲမှာ လူတွေပိတ်မိ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

မကွေးတိုင်းထဲမှာ လုပ်ငန်းလိုင်စင် ချပေးထားတဲ့ ကျောက်မီးသွေးတွင်း (၄၁) တွင်း ရှိနေပြီး အများစု ကတော့ ဧရာဝတီမြစ် အနောက်ဖက်ခြမ်း မြို့တွေဖြစ်တဲ့ မင်းဘူး-စကု၊ ငဖဲ၊ မင်းလှ၊ ပွင့်ဖြူစတဲ့ မြို့နယ်တွေမှာ ဖြစ်ပါတယ်။