NVC ကဒ် မထုတ်ဖို့ လှုံ့ဆော်သူ အရေးယူမယ်

  • 30 နိုဝင်ဘာ 2017
Image caption NVC ကဒ် မထုတ်ဖို့ လှုံ့ဆော်သူတွေကို အရေးယူမယ်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နိုင်ငံသားစိစစ်ခံရမယ့် သူတွေအတွက် ထုတ်ပေးတဲ့ သက်သေခံကဒ် NVC ကို သွား မယူ ကြဖို့ လှုံ့ဆော်နေသူတွေကို အရေးယူသွားမယ် လို့ အစိုးရ အရာရှိတွေ က ပြောပါတယ်။

အစ္စလာမ် ဘာသာဝင်တွေကို ARSA အစွန်းရောက် အကြမ်းဖက် အဖွဲ့နဲ့ သူတို့နဲ့ နီးစပ်တဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက NVC ကဒ်မထုတ်ဖို့ လှုံ့ဆော်မှုတွေ ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဒီကဒ်ထုတ်ဖို့ အစိုးရနဲ့ အတူပူးတွဲ အလုပ်လုပ်နေသူ ၁၈ ယောက် ကိုလည်း ARSA အဖွဲ့က သတ်ဖြတ်ခဲ့တယ် လို့လည်း သူက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာလည်း ရွှေဇားရွာမှာ NVC ကဒ်လုပ်ပြီး ပြန်လာသူ ကလေးတယောက်ရဲ့ ကဒ်ကို ဖျက်ဆီးခဲ့တဲ့ သူတဦးကို ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့လည်း သူက ဆိုပါတယ်။

ကိုဖီအာနန်ရဲ့ ရခိုင်ကော်မရှင် အစီရင်ခံစာ ထွက်ပြီးတဲ့နောက်ပိုင်း အစိုးရက NVC ကဒ် ထုတ်ပေးရေး အားစိုက် လုပ်ကိုင် နေပေမယ့် လာရောက်ထုတ်သူ အလွန် နည်းပါးနေပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင် အသိုင်းအဝိုင်း ကြားမှာ NVC (National Verification Card) ထုတ်ယူရေးနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေပါတယ်။

သူတို့မိဘတွေ လက်ထက်တုန်းက သုံးခေါက်ချိုးလို့ ခေါ်တဲ့ နိုင်ငံသား စိစစ်ရေးကဒ် ရထားသူတွေ ဖြစ်လို့ သားသမီးဖြစ်တဲ့ သူတို့ဟာ နိုင်ငံသား ဖြစ်ခွင့်ရပြီးသား သူတွေ ဖြစ်တဲ့အတွက် NVC ကဒ် လျှောက်ထား စရာမလိုဘူးလို့ မြင်တဲ့ အကြောင်း စစ်တွေမှာ ရှိတဲ့ မွတ်စလင် တဦးက ဘီဘီစီ ပြောပါတယ်။