စပ်ဆေးထုပ်တွေ သောက်ရင် ကျောက်ကပ်ထိခိုက်နိုင်

  • 2 ဒီဇင်ဘာ 2017
Image caption မသုံးသင့်တဲ့ဆေး ထုတ်ပြန်ကြေညာချက်

တိုင်းရင်းဆေး ဈေးကွက်မှာ နိုင်ငံခြားဆေးတွေနဲ့ ရောနှောစပ်ပြီး ရောင်းတာတွေကို သုံးစွဲမိသူတွေမှာ ကျောက်ကပ် ပျက်စီးတာတွေထိ ရှိလာလို့ တချို့ကို တိုင်းရင်း ဆေးပညာဦးစီးဌာနက အရေးယူထားတာတွေ ရှိလာနေပါတယ်။

အနောက်တိုင်းဆေး ဖြစ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကိုလည်း သွေးဆေးမှာ စပ်ပြီး ပလက်စတစ်နဲ့ ထုတ်ကာ စပ်ဆေး အဖြစ် တံဆိပ်မပါဘဲ ရောင်းချလျက် ရှိနေပါတယ်။

ဒါတွေကို စားသုံးသူတွေက အကိုက်အခဲပျောက်ဖို့ ၊ ခါးနာပျောက်ဖို့ အတွက် လွယ်လွယ်နဲ့ ၀ယ်သောက်လျက် ရှိကြပါတယ်။

တာရှည် စွဲသောက်မယ် ဆိုရင် ကျောက်ကပ်ထိတဲ့ အထိ ဖြစ်လာနိုင်တယ်လို့ တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး က ဘီဘီစီကို ပြောပါတယ်။

တကယ်တမ်း လက်တွေ့မှာလည်း ကြာကြာ စွဲသောက်သူတွေဟာ မျက်နှာတွေ ပွလာတာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။

စျေးကွက်ထဲမှာ ၀င်စစ်တော့ အတော်များများ အဲလို ဆေးတွေ တွေ့ရပြီး ၂၀၁၆ ဧပြီကနေ ၂၀၁၇ အထိ မသောက်သုံးသင့်တဲ့ဆေး ၆၃ မျိုး တွေ့ရှိထားတယ်လို့ သူက ရှင်းပြပါတယ်။

စျေးကွက်ထဲမှာ တွေ့ရတဲ့ ဆေးတွေထဲက တချို့က လိပ်စာမရှိ ၊ တချို့က မှတ်ပုံတင် ရှိပြီး ဖြစ်ပေမယ့် စပ်ဆေးမှာ တွေ့ရရင် ဒါကို ပိတ်သိမ်းတဲ့ အထိ အရေးယူသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တိုင်းရင်းဆေး အပိုင်းမှာတော့ ဆေးဗူးပေါ်မှာ မှတ်ချက် ပေးထားတဲ့ အတိုင်း လိုက်နာ သောက်သုံးသင့်ပြီး ထုတ်သူကလည်း စည်းကမ်းနဲ့ ထုတ်ဖို့ မှာကြားထားတယ်လို့ သူက သတိပေးခဲ့ပါတယ်။

မှတ်ပုံတင်ထားတဲ့ တိုင်းရင်ဆေးတွေ ဖြစ်ရင်တောင် နိုင်ငံခြားဆေးနဲ့ ရောရင် ပထမဆုံး သတိပေးတာတွေ လုပ်ပြီး ဒုတိယ အကြိမ် ဆိုရင် ပိတ်သိမ်းတဲ့ အထိ အရေးယူတယ်လို့ သူက ပြောပါတယ်။

ရံဖန်ရံခါ မှာလည်း မှတ်ပုံတင်ထားတဲ့ တိုင်းရင်းဆေးတွေထဲက မသောက်သင့်တာတွေကို သတင်းစာထဲ ကြေညာလေ့ ရှိပြီး ဒါတွေကို စားသုံးသူတွေက ရှောင်ရှားသင့်တယ်လို့ သူက တိုက်တွန်း အကြံပေးထားပါတယ်။