မြန်မာပြည်က လိင်တူလက်ထပ်ခွင့် အလှမ်းဝေး

  • 8 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် U Aung Myo Min
Image caption နိုဝင်ဘာလက မန္တလေးမှာ ကျင်းပခဲ့တဲ့ လိင်တူချစ်သူတွေရဲ့ လှုပ်ရှားမှု တခု

ကမ္ဘာပေါ်မှာ လိင်တူချစ်သူချင်း လက်ထပ်တာကို လက်ခံတဲ့ နိုင်ငံတွေထဲမှာ အခုအခါ သြစတြေးလျနိုင်ငံ လည်း ပါဝင်လာပါပြီ။ ဒီဇင်ဘာ ၇ ရက်နေ့က သြစတြေးလျပါလီမန်မှာ လိင်တူသူ အချင်းချင်း လက်ထပ်ခွင့်ကို တခဲနက် ထောက်ခံခဲ့ကြတာပါ။

မြန်မာပြည်မှာတော့ လိင်တူချစ်သူတွေအတွက် လက်ထပ်ခွင့် ကဝေးကွာနေဆဲ ဖြစ်တယ်လို့ ညီမျှခြင်း မြန်မ (Equality Myanmar) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ရဲ့ ဥပဒေထဲမှာ လိင်အမျိုးအစားတူသူတွေ အတူ ပေါင်းသင်းနေထိုင်ရင် ရာဇသတ်ကြီးပုဒ်မ ၃၇၇ နဲ့ အရေးယူနိုင်တဲ့ ပြစ်ဒဏ် ရှိနေလို့ လိင်တူချစ်သူတွေအတွက် ဥပဒေပိုင်းဆိုင်ရာမှာ ဖြတ်သန်းရဦးမယ်လို့ သူက ဆိုပါတယ်။

အခုလက်ရှိ အခြေအနေအရ ဥပဒေက ခွင့်မပြုထားပေမယ့် လူမှုအသိုင်းအဝိုင်းမှာတော့ လက်ခံအသိအမှတ် ပြုတာတချို့ ရှိလာပြီဖြစ်ပါတယ်။

ဒါပေမယ့် လုံလောက်တဲ့ လက်ခံပေးတာမျိုးတော့ မဟုတ်သေးဘူးလို့ လိင်တူချစ်သူတွေရဲ့ အခွင့်အရေး လှုပ်ရှားနေသူ ဦးအောင်မျိူးမင်းက ယူဆပါတယ်။

လင်ခန်း မယားခန်း မြောက်ကြောင်း တရားဝင် အသိအမှတ်ပြုတာမျိုး မရှိဘူးဆိုရင် ဥပဒေပိုင်းဆိုင်ရာ အရ အကျိုးခံစားခွင့်တွေ လိင်တူချစ်သူတွေ အတွက် မရနိုင်ပါဘူး။

အထူးသဖြင့် နှစ်ပေါင်းများစွာ လိင်တူ ချစ်သူနှစ်ဦး ပေါင်းသင်းခဲ့ပေမယ့် အိမ်ထောင်ဖက် တဦးဦး သေဆုံးချိန်မှာ ကျန် သူက တဦးက အခြားလင်မယားတွေလို လက်ထက်ပွားပစ္စည်း ပိုင်ဆိုင်ခွင့်နဲ့ အိမ်ထောင်ဖက် ရှာဖွေထားတဲ့ ငွေကြေး ဥစ္စာ ပိုင်ဆိုင်ခွင့်ကို တရားဝင် ခံစားခွင့်မရနိုင်တာမျိုးဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။

ဒါ့အပြင် လိင်တူ လက်ထပ်တာက တရားဝင် မဟုတ်တဲ့ အတွက် လိင်တူချစ်သူတွေဟာ လုပ်ငန်းခွင် ဆိုင်ရာ ခံစားခွင့်တွေမှာလည်း ဆုံးရှုံးနေတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် လိင်တူချစ်သူတွေ တရားဝင်လက်ထပ်ခွင့် အတွက် အစိုးရဘက်က ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲတာတွေ လုပ်ဖို့ စိတ်ဆန္ဒရှိဖို့ လိုအပ်နေတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ