ယူကေမှာ ရာသီဥတုဆိုးလို့ သတိပေးချက် ထုတ်ပြန်

  • 10 ဒီဇင်ဘာ 2017
Image caption လန်ဒန်အနှံ့လည်း နှင်းထူထူကျဆင်း

ယူကေရဲ့ တချို့ အပိုင်းတွေမှာ နှင်းတွေ ဆက်လက် ကျနေခဲ့ပြီး နောက်ဆက်တွဲ အန္တရာယ်တွေကို သတိ ထားကြဖို့ တရားဝင် သတိပေးချက် ထုတ်ပြန် ထားပါတယ်။

တနင်္ဂနွေနေ့က နှင်းအသည်းထန်ဆုံး ကျခဲ့တဲ့ နေရာကတော့ ဝေလပြည်နယ်ထဲက ဆင်နီဘရစ်ချ် အရပ်မှာ ဖြစ်ပြီး ၁၂ လက်မ နှင်းထုအထိ ကျဆင်းခဲ့ပါတယ်။

အင်္ဂလန် တောင်ပိုင်း အရပ်တွေမှာလည်း နှင်းဒဏ်အပြင် တစ်နာရီ မိုင် ၈ဝ နှုန်းအထိ လေပြင်း တိုက်နိုင်တယ်လို့ သတိပေး ထားပါတယ်။

Image caption အိမ်ခြေ နှစ်သောင်းလေးထောင် ဝန်းကျင် အထိ လျှပ်စစ် ပြတ်တောက်

ရာသီဥတု ဆိုးရွားတဲ့ ဒဏ်ကြောင့် အောက်စ်ဖို့ဒ်၊ လာ့ခ်နဲ့ ဝစ်လ်ထ် ဆိုတဲ့ နယ်တွေမှာ စုစုပေါင်း အိမ်ခြေ နှစ်သောင်းလေးထောင် ဝန်းကျင် အထိ လျှပ်စစ် ပြတ်တောက် နေတယ်လို့ လျှပ်စစ်ကုမ္ပဏီ SSE က ပြောပါတယ်။

ယူကေ နိုင်ငံ တဝန်းက ရထားလမ်း၊ ကားလမ်းနဲ့ လေကြောင်းလမ်းတွေလည်း ရာသီဥတုကြောင့် တနင်္လာနေ့ အထိ ခရီးစဉ်တွေ နှောင့်နှေး နေလိမ့် ဦးမယ်လို့ ခန့်မှန်းရပြီး၊ တချို့ လေဆိပ်တွေရဲ့ လေယာဉ် ပြေးလမ်းတွေမှာ နှင်းတွေ စုပုံ ပိတ်ဆို့ နေပါတယ်။

Image caption ခရီးစဉ်တွေ နှောင့်နှေး

စကော့တလန်နဲ့ ဝေလနယ်တို့ရဲ့ တချို့ နေရာတွေမှာ အပူချိန် ရေခဲမှတ်အောက် ၁ဝ ဒီဂရီ အထိ ကျသွား နိုင်ပြီး၊ ခေါင်သီတဲ့ တချို့ နေရာတွေမှာ ဆိုရင် အနှုတ် ၁၄ ဒီဂရီ စင်တီဂရိတ် အထိ ရှိနိုင်ပါတယ်။