ဒုက္ခသည်တွေပြန်ခေါ်ရေး ကုလသမဂ္ဂနဲ့ ပူးပေါင်းဖို့ တိုက်တွန်း

  • 13 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဒုက္ခသည်တွေကိုလက်ခံထားလို့ ဘင်္ဂလားဒေ့ရှ်ကိုကျေးဇူးတင်တယ်လို့ ကုလသမဂ္ဂဆို

ကုလသမဂ္ဂ နိုင်ငံရေးရာ အကြီးအကဲ ဂျက်ဖရီ ဖယ်လ်တ်မန်က Jeffery Feltman က ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးသွားကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး ကိစ္စမှာ ကုလသမဂ္ဂကို ပါဝင် ဆောင်ရွက်ခွင့် ပြုဖို့ မြန်မာ အစိုးရကို တိုက်တွန်းလိုက် ပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ တင်ပြခဲ့တဲ့ မစ္စတာ ဂျက်ဖရီ ဖယ်လ်တ်မန်က ကုလ သမဂ္ဂရဲ့ ကျွမ်းကျင်မှု အတွေ့အကြုံ တွေကို အသုံးချဖို့ မြန်မာ အစိုးရ အနေနဲ့ ကုလ သမဂ္ဂရဲ့ ကမ်းလှမ်းမှုကို လက်ခံလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ ပါတယ်။

ရခိုင် မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ဖြစ်နေတဲ့ လူမျိုးရေး တင်းမာမှု တွေကို လျော့ကျစေဖို့ ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေ သိက္ခာရှိရှိ ပြန်လာနိုင်ဖို့ ကိစ္စမှာ မြန်မာ အစိုးရကို ကုလသမဂ္ဂက ကူညီနိုင်တယ် လို့လည်း သူက ဆိုပါတယ်။

မြန်မာပြည်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက် ၆ သိန်း ကျော် ရှိနေပြီး အဲဒီ ဒုက္ခသည်တွေကို ကူညီ လက်ခံ ထားပေးတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကို ကုလသမဂ္ဂ က ကျေးဇူးတင်တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့လည်း ဒီပြဿနာရဲ့ အရင်းအမြစ်က မြန်မာပြည်က ဖြစ်လို့ မြန်မာ အစိုးရ အနေနဲ့ ဒီကိစ္စကို သေချာ ရှင်းသင့်တယ်၊ ရခိုင်မှာ ပဋိပက္ခ ဖြစ်နေတဲ့ လူမျိုးစုတွေကြား မယုံကြည်မှုတွေ ကြောက်ရွံ့မှုတွေ ပျောက်ဖို့ အစိုးရက ခွဲခြားဆက်ဆံမှုတွေ မရှိအောင် တာဝန်ယူ ကျင့်သုံး သင့်တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ မြန်မာပြည် အစိုးရတို့ ပိုမို ပူးပေါင်း ဆောင်ရွက် နိုင်ရေး အတွက် မြန်မာ နိုင်ငံကို အထူး ကိုယ်စားလှယ် စေလွှတ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို တိုက်တွန်းတဲ့ ဆုံးဖြတ်ချက် အထွေထွေ ညီလာခံက ချမယ်လို့ မျှော်လင့်ကြောင်းလည်း မစ္စတာ ဂျက်ဖရီ ဖယ်လ်တ်မန်က ပြောခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ