နမ့်ခမ်းပိုက်လိုင်းမှာ တပ်မတော်နဲ့ လက်နက်ကိုင် တိုက်ပွဲဖြစ်

  • 21 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး
Image caption တိုက်ပွဲ ဖြစ်ပွားရာ ဒေသပြ မြေပုံ

နမ့်ခမ်းမြို့နယ် ကောင်းကတ် ကျေးရွာ အုပ်စု ဟိုနားရွာနားက သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းအနီး လုံခြုံရေး ဆောင်ရွက်နေတဲ့ စခန်းတွေကို တအာင်း ပလောင်နဲ့ ကေအိုင်အေ ပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် ၆ နာရီခွဲလောက်က လာရောက် တိုက်ခိုက်ခဲ့တာလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဟိုနား ကျေးရွာအနီး အပါအဝင် တခြား နေရာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ခဲ့တယ်ဆိုပြီး တပ်မတော်ဘက်က ထုတ်ပြန်ခဲ့ပေမဲ့ တအာင်းပလောင် တပ်ဖွဲ့ဘက်ကတော့ ဒီတိုက်ပွဲတွေမှာ ကေအိုင်အေ မပါပဲ သူတို့တဖွဲ့တည်းနဲ့သာ တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်ပိုက်လိုင်းတလျှောက်မှာ အရင်ကလည်း ဖြစ်ခဲ့ဖူးပြီး တိုက်ပွဲတွေက နမ့်ခမ်းနဲ့ မိုင်းဝီးဒေသ သွားလမ်း တလျှောက်မှာ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေကို နမ့်ခမ်းမြို့ပေါ်ကနေတောင် ကြားနေရတယ်လို့ နမ့်ခမ်းမြို့ခံ တယောက် က ဆိုပါတယ်။

အခုတိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေတွေဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အကြား ရွှေလီမြစ်ဝှမ်း ဒေသတွေမှာ တည်ရှိတာ ဖြစ်ပြီး ကေအိုင်အေ တပ်မဟာ (၃ ) (၄) နယ်မြေနဲ့ တအာင်းပလောင် အဖွဲ့တွေရဲ့ နယ်မြေတွေအကြား ချိတ်ဆက်မှုအရ အရေးပါတဲ့ ဒေသတွေ ဖြစ်တယ်လို့ တရုတ်မြန်မာ နယ်စပ် စစ်ရေး နိုင်ငံရေး အကဲခတ်တဦး ကလည်း ပြောပါတယ်။

ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အစပ် မံစီမြို့နယ် မန့်ဝိန်းဒေသဘက်မှာလည်း လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက ကေအိုင်အေ အဖွဲ့နဲ့ တပ်မတော်အကြား တိုက်ပွဲတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ပြည်နယ် နှစ်ပြည်နယ် အကြားက ရွှေလီမြစ်ဝှမ်းတလျှောက် ဒေသတွေဟာ တရုတ်မြန်မာ မဟာဗျူဟာ လမ်းကြောင်းသစ်အတွက် အရေးပါတဲ့ ဒေသတွေဖြစ်နေတယ်လို့ နိုင်ငံရေး အကဲခပ် တချို့က ထောက်ပြခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ