တမံစီမံကိန်း အကောင်အထည်ဖော်ရင် လုံခြုံရေး ထိခိုက်မယ်

  • 24 ဒီဇင်ဘာ 2017
Image caption ၂၀၁၁ စက်တင်ဘာလ တုန်းက မြစ်ဆုံရေကာတာ တည်ဆောက်မှု ဆန့်ကျင်ပွဲ ကျင်းပခဲ့စဉ်

လားရှိုးနဲ့ တန့်ယန်းမြို့နယ်ထဲက ဒေသခံတွေဟာ သံလွင်မြစ်ပေါ်မှာ တည်ဆောက်ဖို့ စီစဉ်နေတဲ့ နောင်ဖာရေကာတာနဲ့ ရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းပေးဖို့အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့က ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

တရုတ် နိုင်ငံရဲ့ နှီးမြှပ်နှံမှုနဲ့ တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်းနယ်မြေနားမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ လှုပ်ရှားနေတဲ့ အတွက် စီမံကိန်းအတွက် နယ်မြေ ရှင်းလင်းရင်း တိုက်ပွဲတွေ ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဒီစီမံကိန်းကို စစ်အစိုးရ လက်ထက်ကတည်းက ချပေးခဲ့တာဖြစ်ပြီး ထွက်ရှိလာတဲ့ ရေအား လျှပ်စစ်အများစုက တရုတ်နိုင်ငံကို ပေးပို့ဖို့ ရည်ရွယ် ထားတာလည်း ဖြစ်ပါတယ်။

ဒေသခံတွေ အနေနဲ့ ဒီစီမံကိန်းကြောင့် လယ်မြေဆုံးတဲ့ အပြင် သဘာ၀ ပတ်ဝန်းကျင် ပျက်စီး ထိခိုက်မှုနဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့ အပြင် စီမံကိန်း မစခင်ကတည်းက ပြည်သူ့ ဆန္ဒကို မေးမြန်းတာတွေ မရှိဘဲ ၊ တကယ် ဒီစီမံကိန်း ထွက်ပေါ်တာတဲ့ အခါ လုံခြုံရေး တပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဒီနေရာမှာ တိုက်ပွဲ ဖြစ်မှာကို စိုးရိမ်နေတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါ၀င်တဲ့ တန့်ယန်းဒေသခံ စိုင်းဘက ပြောပါတယ်။

တန့်ယန်းနဲ့ လားရှိုးမြို့နယ် နယ်စပ်မှာ တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်း အကောင်အထည် ဖော်ဖြစ်ပါက လားရှိုး မြို့နယ် မိုင်းဖြတ် ကျေးရွာအုပ်စုက ရွာပေါင်း ၂၀ ကျော်မှာ ရှိတဲ့ ဒေသခံတွေ နေရပ်ရွှေ့ပြောင်း ပေးရမဲ့ အပြင် ဒေသတွင်းမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တော်တော်များများ လှုပ်ရှားတဲ့ နေရာလည်း ဖြစ်ပါတယ်။

အဲဒီ ဒေသမှာ KIA ကချင်အဖွဲ့လည်း ရှိတဲ့အပြင် ရှမ်းတပ်ဖွဲ့ SSPP/SSA ကလည်း အဲဒီဒေသမှာ လှုပ်ရှားနေသလို သံလွင်မြစ် အရှေ့ဘက်ကမ်းမှာလည်း ဝ တပ်ဖွဲ့ဝင်တွေ ရှိတာကြောင့် မိုင်းယော်ကျေးရွာအုပ်စု တဝိုက်မှာ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ် ပူပန်မိကြောင်း တန့်ယန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းမြတ် ကလည်း ပြောပါတယ်။

ဒီစီမံကိန်း တည်ဆောက်မဲ့ ဒေသဟာ မန်ပန်ပြည်သူ့စစ်တွေလည်း လှုပ်ရှားသလို တအာင်းပလောင်တပ်ဖွဲ့ဝင်တွေလည်း သွားလာလှုပ်ရှားတယ်လို့ တအာင်းပလောင်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ဘီဘီစီကို ပြောပါတယ်။

စီမံကိန်းစတင်ဖို့ ပြင်ဆင်ခဲ့တဲ့ ၂၀၁၃ ခုနစ်တုန်းက တန့်ယန်းမြို့နယ်အတွင်းမှာ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA တပ်တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ခဲ့ပြီး ဒေသခံတွေ နေရပ် စွန့်ခွာထွက်ပြေးရမှုတွေ ရှိခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ဒီနောင်ဖာ စီမံကိန်းကို ကန့်ကွက်ခဲ့ကြတဲ့အတွက် လူမှုနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက်တွေ ပြန်လည်ပြုလုပ်ဖို့ ခေတ္တရပ်နားထားတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ဝှမ်းတလျှောက် တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ရေအား လျှပ်စစ်စီမံကိန်း ၄ ခုအထိ ရှိနေပြီး အားလုံးဟာ တရုတ် ရင်းနှီး မြှပ်နှံမှုနဲ့ တည်ဆောက်မှာဖြစ်ပြီး မိုင်းတုံဆည် တခုသာ တရုတ်နဲ့ ထိုင်း ပူးတွဲ ရင်းနှီးမြှပ်နှံမဲ့ စီမံကိန်း ဖြစ်နေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအတွင်း သံလွင်မြစ်ပေါ်မှာကတော့ အဲဒီဒေသတလျောက်မှာနေထိုင်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ မြောက်မြားစွာသော ပန်းမာန်နဲ့ဇီဝ မျိုးစိပ်တွေကြောင့် ယူနက်စကိုက အမွေအနှစ်ထိန်းသိမ်းနယ်မြေ သတ်မှတ်ထားလို့ ဆည်စီမံကိန်းတွေ မရှိတာ ထူးခြားချက် တရပ် ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ