သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ကူညီကြဖို့ ခရစ်ယာန်ဘာသာဝင်တွေကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

  • 25 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Huw Evans picture agency
Image caption ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

၂၀၁၇ ခုနှစ် ခရစ်စမတ်ပွဲတော်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အပါအ၀င် ကမ္ဘာတစ်၀န်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးသွားရတဲ့ ဒုက္ခသည်တွေအကြောင်း သူရဲ့ ဆုတောင်းဝတ်ပြုပွဲမှာ မီးမောင်းထိုးပြခဲ့ပါတယ်။

ဗာတီကန်မှာရှိတဲ့ စိန့်ပီးတား ဘုရားကျောင်းမှာ ခရစ်စမတ်နေ့မတိုင်ခင် ဒီဇင်ဘာလ ၂၄ ရက်နေ့က ဝတ်ပြုဆုတောင်းပွဲမှာ သန်းနဲ့ချီတဲ့ ရွေ့ပြောင်း ဒုက္ခသည်တွေကို လျစ်လျူရှု့မထားကြဖို့ ရဟန်းမင်းကြီးက ရိုမန်ကတ်သလစ် ဘာသာ၀င်တွေကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ရဟန်းမင်းကြီးရဲ့ ဟောကြားချက်ထဲမှာ မယ်တော် မေရီက ကိုယ်လေးလက်ဝန်နဲ့ နဇရက်ကနေ ဘက်သလီယမ်ကို ခရီးနှင်လာတဲ့အခါ မယ်တော် မေရီနဲ့ ဂျိုးဇက်တို့ နေထိုင်စရာ မရှိဖြစ်ခဲ့တယ်ဆိုတဲ့ သမ္မကျမ်းစာထဲက အကြောင်းကို ခိုင်းနှိုင်း ပြောကြားသွားပါတယ်။

ရွေ့ပြောင်းနေထိုင်သူတွေကို လေးစားလိုက်နာဖို့ကိုလည်း ခရစ်ယာန် ဘာသာက သွန်သင်တယ်လို့ ရဟန်းမင်းကြီးက မိန့်ပါတယ်။

လက်ရှိမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒုက္ခသည် ၂၂ သန်းကျော်ရှိနေပြီး အပြစ်မဲ့သူတွေ သွေးမြေကျမှာကို အလေးမထားတဲ့ လူတွေရဲ့ ဒဏ်ကနေ လွတ်ဖို့ ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း ရဟန်းမင်းကြီး ဖရန်စစ်က ပြောပါတယ်။

ဒါ့အပြင် ရဟန်းမင်းကြီးက အရှေ့အလယ်ပိုင်းမှာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ဖြစ်နေတဲ့ တင်းမာမှုတွေ အဆုံးသတ်ဖို့ ညှိုနှိုင်းအဖြေရှာကြဖို့ကိုလည်း တိုက်တွန်းပါတယ်။

ဒီကနေ့ ခရစ်စမတ်နေ့မှာတော့ ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်းက အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ပဋိပက္ခာတွေ ဖြစ်ခဲ့တဲ့ ဘက်သလီယမ်မြို့အတွင်းမှာ ခရစ်စမတ်နေ့ ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပနေပြီ ဖြစ်ပါတယ်။