မြောက်ကိုရီးယားကို တရားမဝင်ရေနံတင်ပို့ခဲ့တယ်ဆိုတဲ့ သတင်းတွေကို တရုတ်ပယ်ချ

  • 29 ဒီဇင်ဘာ 2017
Image caption Light House သင်္ဘော

ကုလသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဆန့်ကျင်ပြီး တရုတ်နိုင်ငံက မြောက်ကိုရီးယား နိုင်ငံကို တရားမဝင် ရေနံ တင်ပို့ခဲ့တယ်ဆိုတဲ့ သတင်းတွေကို တရုတ်ဖက်က ခါးခါးသီးသီး ငြင်းဆန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ ရေနံတင် သင်္ဘောတစ်စင်းက မြောက်ကိုရီးယား သင်္ဘောတစ်စင်းထဲကို သန့်စင်ပြီးသား ရေနံတန်ချိန် ၆၀၀ တိတ်တဆိတ် လွှဲပြောင်းပေးခဲ့တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောနေပါတယ်။

အဲဒီ သင်္ဘောကို တောင်ကိုရီးယား က ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့က တောင်ကိုရီးယား နိုင်ငံ ယိုဆိုးဆိပ်ကမ်းကို အဲဒီ သင်္ဘောရောက်ရှိလာပြီး ရေနံတွေ တင်ဆောင်ခဲ့ပြီးတဲ့နောက် ၄ ရက် အကြာမှာ ထိုင်ဝမ်ကို ထွက်ခွာသွားခဲ့တယ်လို့ တောင်ကိုရီးယား သတင်းဌာနတစ်ခုဖြစ်တဲ့ ယိုဟက် သတင်းဌာနက ဆိုပါတယ်။

ဒါပေမယ့် ဒီသင်္ဘောဟာ ထိုင်ဝမ်ကို မသွားပဲ အောက်တိုဘာလ ၁၄ ရက်နေ့က နိုင်ငံတကာ ရေနက်ဆိပ်ကမ်းထဲမှာ မြောက်ကိုရီးယား သင်္ဘောတစ်စင်းနဲ့ တခြား သင်္ဘော သုံးစင်းကို ရေနံတွေ လွှဲပြောင်းခဲ့တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

ဒီလိုလွှဲပေးတာကိုလည်း အမေရိကန် ဂြိုလ်တုဓာတ်ပုံတွေမှာ တွေ့ရှိခဲ့ပြီး နိုဝင်ဘာလထဲမှာ အမေရိကန် ဘဏ္ဍရေးဝန်ကြီးဌာနက ဒီပုံတွေကို ထုတ်ပြန်ခဲ့တယ်လို့ နယူးယော့ခ်တိုင်းမ် သတင်းစာမှာ ဖော်ပြထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တရုတ်တို့က မြောက်ကိုရီးယားနိုင်ငံကို ဒီလိုမျိုးတင်ပို့နေတာတွေကို စိတ်ပျက်မိတယ်လို့ သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီစွပ်စွဲမှုတွေအားလုံးကိုတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ပြောခွင့်ရသူက ငြင်းဆိုထားပြီး မစ္စတာ ထရန့်ကို နာမည်တပ်မပြောပေမယ့် ဆိုရှယ်မီဒီယာမှာ အကြောင်းအရာ ခိုင်လုံခြင်းမရှိပဲ ပြောဆိုရေးသားမှုတွေဟာ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုနဲ့ အတူပူးပေါင်းဆောင်ရွက်တာကို အားမပေးဘူးလို့ တုန့်ပြန်လိုက်ပါတယ်။

ဆက်စပ် အကြောင်းအရာများ