မွန်ပြည်သစ်နဲ့ UNFC သဘောကွဲမှုမရှိလို့ DPN ပြော

  • 30 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် UNFC
Image caption UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ငြိမ်းချမ်း ရေး ကော်မရှင် (PC) တို့ နို၀င်ဘာလတုန်းက အဋ္ဌမအကြိမ် ဆွေးနွေးပွဲ ကျင်းပစဉ်

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင် ဖြစ်တဲ့ မွန်ပြည်သစ် ပါတီ အနေနဲ့ အခုရက်ပိုင်းထဲမှာပဲ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့သလို၊ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦး ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံတာမျိုး၊ မွန်ပြည်နယ် အစိုးရ အဖွဲ့နဲ့ တွေ့ဆုံတာမျိုးတွေ ပြုလုပ်လာပါတယ်။

ဒါနဲ့ ပတ်သက်လို့ မွန်ပြည်သစ်ပါတီဟာ တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ထဲ ပါဝင်နိုင်ရေး အတွက် နည်းလမ်း ရှာဖွေ နေတာလို့ မွန်ပြည်သစ် သတင်းစဉ်မှာ ဖော်ပြထား ပါတယ်။

ဒီနေ့အချိန်အထိ တရား၀င် ပြောဆိုမှုတွေ အရ မွန်ပြည်သစ်ပါတီဟာ DPN နဲ့ အတူသွားနေပြီး UNFC အဖွဲ့၀င် အဖြစ် ဆက်ရှိနေသေးသလို ငြိမ်းချမ်းရေး ဆိုင်ရာ ဆွေးနွေးပွဲတွေမှာလည်း မွန်ပြည်သစ် ပါတီ ကိုယ်စားလှယ်က ဒုတိယ ခေါင်းဆောင် အနေနဲ့ ပါ၀င်လျက် ရှိတယ်လို့ DPN အဖွဲ့ ပြောခွင့်ရသူ ဦးထွန်းဇော် က ပြောပါတယ်။

လောလောဆယ်တော့ မွန်ပြည်သစ် ပါတီနဲ့ UNFC ကြား သဘောထား ကွဲပြားမှု မရှိဘဲ လက်ရှိမှာ ဘုံရပ်တည်ချက် ကိုးချက်ကို ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဆက်လက် ညှိနှိုင်းနေတယ်လို့ သူက ဆိုပါတယ်။

လတ်တလော KNPP နဲ့ ဖြစ်ခဲ့တဲ့ ကိစ္စဟာ မကောင်းတဲ့ လက္ခဏာ တခု ဖြစ်ပြီး ဒါကို ညှိနှိုင်း အဖြေရှာလျက် ရှိကြတယ်လို့ ဦးထွန်းဇော် က ထောက်ပြခဲ့ပါတယ်။

DPN နဲ့ ငြိမ်းချမ်းရေး ကော်မရှင် တွေ့ဆုံခဲ့တာ ရှစ်ကြိမ်ရှိခဲ့ပြီး ကိုးကြိမ်မြောက် တွေ့ဖို့ ကြိုးစားနေရာမှာ အကြောင်းအမျိုးမျိုးကြောင့် တရား၀င် မတွေ့နိုင်ကြတာကြောင့် နှစ်ဖက် ထိပ်သီး ခေါင်းဆောင်တွေ တရားဝင် တွေ့နိုင်ဖို့ အဆိုပြုထားတယ်လို့ သူက ပြောပါတယ်။

အခုတော့ နောက်ဆုံး အခြေအနေ ရလဒ် အသီးသီးကို သုံးသပ်မှု လုပ်နေကြပြီး အဲဒီ သုံးသပ်မှု ရလဒ် အပေါ်မှာ မွန်ပြည်သစ် ပါတီက အကဲဖြတ်ချက်တွေ ရှိသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

သူတို့ အနေနဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ဆုံတဲ့အခါတိုင်း အကောင်းဖက်ကို ဦးတည်လျက် မျှော်လင့်ချက် ထားခဲ့ပေမယ့် ခိုင်မာတဲ့ အပစ်ရပ်ရေး ဖြစ်စဉ် ကနေ နိုင်ငံရေး ဆွေးနွေးပွဲ တက်လှမ်းဖို့ ရည်ရွယ်ချက် နေတယ်လို့ DPN အဖွဲ့ ပြောခွင့်ရသူ ဦးထွန်းဇော် က ပြောပါတယ်။

NCA လက်မှတ်ထိုးဖို့ ကြန့်ကြာ နေရခြင်းဟာ သူတို့ အဆိုပြုထားတဲ့ ကိုးချက်အနက် နိုင်ငံရေးနဲ့ စစ်ရေး အာမခံချက် ရှာဖွေနေလို့ ကြာရတာ ဖြစ်ကြောင်း သူက ဆိုပါတယ်။

သူတို့ အနေနဲ့ နိုင်ငံရေး အရ ဖက်ဒရယ် ဒီမိုကရေစီ စနစ် တည်ဆောင်သွားဖို့ အာမခံချက် ဖြစ်စေချင်ပြီး တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် လက်မှတ်ထိုးမယ် ဆိုရင်လည်း တနိုင်ငံလုံး လွှမ်းခြုံစေချင်တဲ့ အပြင် ဒါတွေကို အခိုင်အမာ ကတိကဝတ် တည်ဖို့လည်း လိုအပ်ကြောင်း လို့ DPN အဖွဲ့ ပြောခွင့်ရသူ ဦးထွန်းဇော် က ထောက်ပြခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ